စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့ပေါ်ရှိ စစ်တပ်အထိုင်တပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင်လောက်မှာ တနင်္သာရီမြို့ပေါ်က အင်အား ၁၀ ကျော်ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို မြိတ်ခရိုင်တပ်ရင်း ၁ တပ်ခွဲ(၁)နဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တဲ့နေ့ကစပြီး စက်တင်ဘာလ ၂၄ ရက်နေ့ ညအထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကဆိုပါတယ်။
“အရင်နေ့တွေကလည်းပစ်တယ်။ ထုတာက နေ့တိုင်းလိုလိုထုတယ်။ ကျနော်တို့ အဲ့ဒီဂိတ်ကို သွားပစ်ပြီး အချိန်ကစလို့ ဆက်တိုက်ပစ်တော့တာ။ ညကလည်း တညလုံးထုတယ်။ ရွာထဲက အိမ်တချို့လည်း ထိတယ်” လို့ သူကအခုလိုပြောပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့၊ မနက် ၉ နာရီလောက်ကနေစပြီး ညအချိန်အထိ တနင်္သာရီမြို့ပေါ်ရှိ ဗောဓိကမ်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်အထိုင်တပ်ကနေ ဘန်လောကျေးရွာအုပ်စုနဲ့ မော်တုန်းရွာ တွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က နေ့ဘက် ပစ်လိုက်နားလိုက်နဲ့ ပစ်နေတာ။ တနေကုန်ထုနေတာပါ။ ညကလည်း မော်တုန်းရွာ ဘက်ကို ပစ်တယ်။ ဘန်လောရွာဘက်တွေကိုလည်း ပစ်တယ်။ တခြားရွာတွေဘက်ကိုလည်း ရှိအုံးမယ်။ ကြားနေရတာ တော်တော်များတယ်” လို့ သူကပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဘန်လောရွာက နေအိမ်တစ်လုံး ပျက်စီးပြီး တခြားရွာတွေက နေအိမ်တွေထိခိုက်မှုရှိ မရှိကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့တိုင်းနီးပါးလုပ်ဆောင်နေတာကြောင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဖြစ်တဲ့ ဘန်လောရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်၊ ညောပင်ကုန်း၊ တမုတ်ချုံး၊ လယ်တောင်ယာ စတဲ့ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။
“ရွာသားတွေက ပစ်နေတဲ့အချိန်တွေဆို တခြားရွာတွေဘက်ကို ရှောင်သွားကြတယ်။ ရှောင်လိုက် ရွာထဲကို ပြန်လာလိုက်ပါဘဲ။ တချို့ရွာက လူတွေကျတော့ ရွာထဲကိုပြန်မဝင်ရဲတဲ့ သူတွေရှိတယ်” လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ အမတ ၃၀၆၊ ခမရ ၅၆၁နဲ့ တနင်္သာရီမြို့ပေါ်ရှိ လေသာတောင်ပေါ်က စစ်သားတွေက တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဘက်ကို နေ့တိုင်းနီးပါး လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေတာဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့ပေါ်ရှိ အဆိုပါစစ်ဆေးရေးဂိတ် တိုက်ခိုက် ခံရပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့မှာ စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဘန်လောရွာက နေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ် တွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီး မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီ မြို့နယ်တွေက နေအိမ် ၅၀၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)