စက်တင်ဘာလ ၂၂ ရက်နေ့၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့ပေါ်ရှိ စာသင်ကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မြို့ပြစစ်ဆင်ရေးအနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Guerrilla Daweiရဲ့ တာဝန်ခံ ကိုပီတာဆီကနေသိရပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်လောက်မှာ အင်အား ၁၀ ကျော်ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ Guerrilla Daweiရဲ့ တာဝန်ခံ ကိုပီတာက ပြောပါတယ်။
“စစ်သားနဲ့ ပျူစောထီးအင်အား ၁၀ ဝန်းကျင်လောက်ရှိပါတယ်။ အလစ်ဝင်ပစ်တဲ့အချိန်မှာ စစ်သားတွေဘက်က ပြန်လည်ခုခံပစ်ခတ်ခဲ့ပါတယ်” လို့ သူက အခုလိုဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေက လောင်းလုံမြို့စာသင်ကျောင်းမှာ ၂၀၂၃ ခုနှစ်၊ နှစ်လယ်လောက်ကတည်းက တပ်စွဲထားတာဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ငွေကြေးမတရားတောင်းခံတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်တယ်လို့ ထားဝယ်ပြောက်ကျားအဖွဲ့ရဲ့ ကိုပီတာက အခုလိုပြောပါတယ်။
“တပ်စွဲထားတာကြာပြီး။ ဂိတ်တော့မချဘူး။ နေ့တိုင်းလိုလို ကျောင်းရှေ့ထွက်စစ်တယ်။ ခရီးသွားကားတွေ၊ ဆိုင်ကယ်တွေကို စစ်သလိုလိုနဲ့ အဓမ္မဆက်ကြေးကောက်ခံတယ်” လို့သူကဆက်ပြောပါတယ်။
အခုလို လောင်းလုံမြို့ပေါ်ရှိ တပ်စွဲထားတဲ့ စစ်သားတွေကို အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုပါပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း လောင်းလုံမြို့မ ရဲစခန်းက စစ်ကူရောက်လာတာကြောင့် အချိန်မှီပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သားနှစ်ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ၄၀ မမ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်း ပါဝင်တဲ့ ကိုပီတာကပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက ထပ်မံရမ်းသမ်ပစ်ခတ်ကြပြီး လမ်းသွားလမ်းလာတွေကို အစစ်အဆေးတင်းကြပ်လာတယ်လို့ သိရပါတယ်။ အလားတူ လောင်းလုံမြို့ပေါ်ရှိ ပြည်သူတချို့ဖမ်းဆီးခံရပြီး နေအိမ်တစ်ဆောင်ကိုလည်း မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
“တိုက်ပွဲပြီးတော့ စစ်သားတွေက ထပ်ပြီးရမ်းပစ် ပစ်တယ်။ လောင်းလုံက လူတွေလည်း အဖမ်းခံရတယ်။ အိမ်တစ်ဆောင်ကိုလည်း ဖြဲဖြဲစင်စင် မွှေပြီး ရိုက်ဖြိုသွားတယ်” လို့သူကပြောပါတယ်။
ပြည်သူ့တချို့ ဖမ်းဆီခံရတာနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ပြောက်ကျား တပ်ဖွဲ့နဲ့ Dawei Defense Team တပ်ခွဲ(၃)တို့မှ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ထားဝယ်ဘက်မှဆင်းလာတဲ့ လောင်းလုံမြိုရှိ (စရဖ) ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သား (၄) ယောက်ပါတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသေးတယ်လို့ ဒေသတော်လှန် ရေး တပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)