စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊အလူးလေးကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေခံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှ ဒရုန်းနဲ့ ၃ ကြိမ်တိုင်သွားရောက် ဗုန်းကြဲတိုက်ခိုက် ခဲ့တယ်လို့ Kyaktho Revolution Force ရဲ့ ထုတ်ပြန်ချက်အရသိ ရပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ အလူးလေးကျေးရွာရှိ တာရာဆိုင်အနောက်၊ ခြင်္သေ့နှစ်ကောင်လမ်းဆုံနဲ့ Mk ဆီဆိုင်ရှေ့နေရာတွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်းဗုံးသီး ၂ လုံး၊ ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ ဒရုန်းဗုံးသီး ၂ လုံး၊ ၁၁ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန်မှာ ဒရုန်းဗုံးသီး ၂ လုံး စုစု ပေါင်း ဒရုန်းဗုံးသီး ၆ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kyaktho Revolution Force မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အဲ့ဒီနေရာတွေမှာ ရံဖန်ရံခါတော့ဝပ်တယ် အများစုကတော့ သူတို့လမ်းကြောင်းတွေရှိရင်ဝပ်တာပေါ့ ခန့်မှန်းအင်အားကတော့ ၃၀ လောက်ရှိမယ် ၃ နေရာဆိုတော့လေ တစ်နေရာနဲ့တစ်နေရာသိပ်မဝေးဘူး နယ်မြေဆင်းရတာအန္တရာယ်များတော့ သူတို့ကင်းပုန်းချထားတာသိရင်တော့ ဒရုန်းနဲ့ လိုက်ချလိုက်တော့ ပျက်သွားတာပေါ့” သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ကင်ပုန်းဝပ်နေတဲ့နေရာတွေကို နယ် မြေခံ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ တွေအပြင် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ထိခိုက်သေဆုံးမှုကိုတော့ အတိအကျမသိရှိရသေးဘူးလို့သူကဆက်ပြောပါတယ်။
“သူတို့ကိုသွားပစ်တော့ သူတို့ကပြန်ပစ်တယ် လက်နက်ကြီးတွေနဲ့လည်းပြန်ပစ်တယ် လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်တယ် လက်နက်ကြီးကတော့ ၆၀ မမပေါ့ ဒရုန်း Mission ဖြစ်တဲ့ အခါကျတော့ တည်နေရာမသိတဲ့အခါကျတော့ ရမ်းသမ်းပစ်တာပေါ့ ထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး အခုထိတော့စုံစမ်းနေတုန်းပဲ ထိတော့ထိလိမ့်မယ် မထိပဲနဲ့တော့သူတို့ကပြန်မပစ်ဘူးပေါ့ စစ်ဆင်ရေးအရဆိုရင် ကင်းပုန်းကတော့ သူတို့ကိုထိရင်တော့ပစ်မှာပဲ” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတဲ့ နေရာတွေကို Kyaktho Reolution Force၊ KNU/KNLA၊ TPDF၊ သူရိယစစ်ကြောင်းနဲ့ PPDF-KD ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့တုန်းကလည်း အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KNU တပ်မဟာ (၁) စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တော်လှန်ရေးအင်အားစုမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ KNLA သတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၊ ဇူလိုင်လနဲ့ သြဂုတ်လတွေတုန်းကလည်း မော်လမြိုင်-ရေး-ထားဝယ်အမှတ် (၈)လမ်း မကြီး၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က လမ်းပိုင်းတချို့နဲ့ ကျိုက်ထိုမြို့နယ်တွေက လမ်းပိုင်းတွေမှာပါ နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးကိုလုပ်ဆောင်နေတာဖြစ်ပြီး လမ်းပိုင်းအတွင်းစစ်ဆေးနေချိန် နှစ်ဖက်ထိတွေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)