စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ တပ်မဟာ(၆)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကော်ဘရာစစ်ကြောင်းကို စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာတစ်လက်နဲ့ အလင်းဝင်ရောက် လာခဲ့တယ်လို့ Cobra Column ကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကော်ဘရာစစ်ကြောင်းကို တပ်မ (၄၄) လက်အောက်ခံ ခမရ (၉) က တပ်သားစောသက်နိုင်ထွန်း အလင်းဝင်လာခဲ့ပြီး သူနဲ့အတူ ၃၃၈ စနိုက်ဘာတစ်လက်နဲ့ ၃၃၈ ကျည် အတောင့် ၅၀ ပါလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အလင်းဝင်ရောက်လာသူဟာ လွတ်မြောက်နယ်မြေကိုမသွားဘဲ စစ်အာဏာရှင် ပြုတ်ကျရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ Cobra Column ကပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
“အဲ့ဒီစနိုက်ဘာသမားဟာ ၃၃၈ နဲ့ အလင်းလာဝင်တယ်၊ သူကလည်း ပြန်ပြီးတော့ တာဝန် ထမ်းဆောင်ချင်တယ်ဆိုတဲ့အတွက် အခုသူ့ကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ခိုင်းတာတွေရှိတယ်၊ သူကိုယ်တိုင်လည်း ယုံကြည်မှုရှိတယ်၊ အာဏာရှင်ကိုလည်း တော်လှန်ချင်တယ်ဆိုတဲ့အတွက်၊ ပြန်ပြီးကိုင်ခိုင်းတာတွေရှိတယ်” လို့ သူကပြောပါတယ်။
အဆိုပါ လက်နက်နဲ့ အလင်းဝင်ရောက်လာသူကို ကော်ဘရာစစ်ကြောင်းမှူးဗိုလ် ဗိုလ်ဒါဘောက ဂုဏ်ပြုစုငွေ ဘတ် ၁၀၀၀၀၀ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြဝတီမြို့၊ လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ ကော်ဘရာစစ်ကြောင်းကို သြဂုတ်လနဲ့ စက်တင်ဘာလ ၂ လအတွင်း လက်နက်နဲ့အလင်းဝင်ရောက်လာသူ ၃ ဦး ရှိလာပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီမြို့အနီး လက်ခတ်တောင်ပေါ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတာ ၂ လနီးပါး ကြာမြင့်နေပြီး စစ်ကောင်စီတပ်က လက်ခတ်တောင်တပ်စခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်အင်အားတိုးချဲ့တာတွေပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ရန်သူဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာတော့ရှိတယ်၊ လက်ခတ်တောင်ပြန်လည်စိုးမိုးနိုင်ဖို့ ကျားသစ်နက်နဲ့ ကော်ဘရာပူးပေါင်းစစ်ကြောင်းတွေရှိတဲ့ တပ်စိုးမိုးနယ်မြေတွေဘက်မှာ ပြင်ဆင် နေတယ်လို့ သိရပါတယ်၊ လက်ရှိအချိန်မှာ လက်ခတ်တောင်မှာ အခြေနေငြိမ်သက်နေပါတယ်” လို့ သူကပြောပါတယ်။
အခုလို KNLA ပူးပေါင်းတပ်ဖွဲ့ ၂ လ နီးပါးတပ်စွဲထားတဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ လေကြောင်းကတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် လက်ခတ်တောင်ပေါ်ရှိ ဘုရားဆင်းတုတွေနဲ့ သာသနိကအဆောက်အအုံတွေ မရေမတွက်နိုင်အောင် ပျက်ဆီးနေတယ်လို့ Cobra Column ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cobra Column
Phar Si Than (People’s Radio Myanmar)