စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေအေးမြိုင်ဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီက တိုက်ခိုက်ခံရတာကြောင့် ဒုတပ်ရင်းမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Cobra Column 2 Venom က ထုတ်ပြန်ထားပါတယ်။
မြဝတီမြို့နယ် ရွှေအေးမြိုင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်ကို Cobra Column 2 Venom စစ်ကြောင်း၊ KNLA ၁၀၃ အဖွဲ့နဲ့ KTLA ခေးပွေးဦးဆောင်တဲ့အဖွဲ့က ၄၀ မမ ၂လုံးနဲ့ နေ့လည် ၁ နာရီ ၃၀ လောက်မှာ သွားရောက်ပစ်ခတ်ခဲ့တာပါ။
အခုလိုသွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟိန်းဇော်လတ်ဦးဆောင်တဲ့ ၅၅၉ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့် ဦးဝင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
“လူထိတာ အတည်ပြုတာကတော့ သွားပစ်ပြီးချက်ချင်းအတည်မပြုနိုင်ပါဘူး၊ ကျွန်တော်တို့ သွားပစ်ပြီးတော့ ညနေဘက်မှာအတည်ပြုနိုင်ခဲ့တယ်၊ အခြေအနေအရ သွားပစ်တာတော့ ၂ လုံး ဘဲပစ်နိုင်ခဲ့တယ်” လို့ Cobra Column 2 Venom မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလို သွားရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်တာမျိုးမရှိဘူးလို့ Cobra Column 2 Venom မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သွားပစ်ပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေတော့ ရှိပါတယ်၊ ကျွန်တော်တို့ ရဲဘော်တွေဘက်က ထိခိုက်တာမျိုးမရှိပါဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က စုကလိ၊ ဝေါလေတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ မကြာခဏပြုလုပ်နေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ စက်တင်ဘာလ အစပိုင်းလောက်ကစပြီး ဒရုန်းနဲ့မကြာခဏ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ၊ ဝင်ရောက်ပစ်ခတ်ခံရတာတွေကြောင့် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေ သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတာတွေ ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီလောက်ကလည်း မြဝတီမြို့ မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာကြောင့် မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cobra Column 2 Venom
Phar Si Than (People’s Radio Myanmar)