စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတား(အတ္ထရံတံတား)ရှိ ဂိတ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏပစ်ခတ်တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်မှာ ချောင်းနှစ်ခွရွာ ချောင်းနှစ်ခွတံတား (အတ္ထရံတံတား)မှာ ဂိတ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်မှ ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒရုန်းသွားချတာ၂လုံး တံတားနားကဂိတ်ကို ညက ၇ နာရီလောက်က ပြီးတော့ သေနတ်တွေနဲ့ ပစ်တော့ ပစ်နေတာပဲ”လို့သူကပြောပါတယ်။
ဒါ့အပြင် ချောင်းနှစ်ခွတံတား(အတ္ထရံတံတား)မှာ ဂိတ်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေမှာ မကြာခဏ ဒရုန်းနဲ့ ပစ်ခတ်ခံနေရသလို လက်နက်ငယ်တွေနဲ့လည်းချောင်းမြောင်းပစ်ခတ်ခံနေရတယ်လို့ ဒေသခံနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးတစ်ဦးကပြောပါတယ်။
“တံတားပေါ်ကျတော့ ဒရုန်းနဲ့လာပစ်ကြတယ်တဲ့ တစ်ခါတစ်လေကျတော့လည်းအပြင်ကနေချောင်း ပစ်တယ်တဲ့ တံတားကိုပစ်လိုက်ပေါ့ ရွာထဲကိုတော့ မပစ်ကြဘူး ပစ်ရင်တော့အသံတွေကတော့ ကြားရပေါ့ ပစ်တာကတော့ ညတိုင်းလိုပဲ တစ်ပတ်ကို ၃ ခါလောက် ဒရုန်းနဲ့ကော သေနတ်တွေနဲ့ ကောပစ်တာ” လို့သူကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်ရဲ့ စစ်ဆေးဂိတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုတော့ ဖားစည်သံသတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တုန်းကလည်း ချောင်းနှစ်ခွတံတားနဲ့ ရဲစခန်းကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲမှူးအပါအဝင် ရဲ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်ယာဥ်တန်းတွေမှာ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုတွေလည်းရှိသလို အခုလိုမကြာခဏတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်သားတွေမှာ စစ်ဆေးတာတွေလည်း ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)