စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာရှိ ပျူစောထီးခေါင်းဆောင်နဲ့ ဇနီးဖြစ်သူကို သူတို့ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်လင်းလိုက်တယ်လို့ သိန်းငှက်ပြောက်ကျားအဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့၊ ည ၈ နာရီဝန်းကျင်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျောက်ဆည်ရွာရှိ ပျူစောထီးနေအိမ်ကို ဝင်ရောက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အသက် ၅၆ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်ပပဝင်းတို့ သေဆုံးခဲ့တယ်လို့ သိန်းငှက်ပြောက်ကျားအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ကျနော်တို့က အရှင်ဖမ်းမလို့ဆိုပြီး အိမ်ကိုဝင်ဝိုင်းတာ။ အဲ့အချိန်မှာ သူကကျနော်တို့ကို မြင်ပြီး ကိုင်ထားတဲ့သေနတ်နဲ့ ထပစ်တဲ့အချိန် ကျနော်တို့ဖက်က ခုခံရင်း ကျည်ထိပြီး နေရာမှာဘဲ့ ပွဲချင်းပြီး သေသွားတယ်။ သူ့မိန်းမကတော့ အိမ်နောက်ဖက်ကို ထွက်ပြေးတာ။ ရင်ဘတ်မှာကျည်ထိပြီး အိမ်နောက်က ရေတွင်းနားမှာလဲကျသွားတယ်” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါ ပျူစောထီးခေါင်းဆောင် ဦးတိုးဝင်းက ပဲဒက်ရွာရှိ ပြည်သူ့စစ်လက်အောက်ခံ ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောက်ဆည်ရွာမှာ ရွာသားတွေဆီကနေ ငွေကြေးတောင်းခံတာနဲ့ သူ့ကြောင့်ပြည်သူတွေ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတာတွေရှိတယ်လို့ သရက်ချောင်မြို့နယ်ရှိ ဒေသခံ တစ်ဦးကပြောပါတယ်။
“လင်မယားနှစ်ယောက်စလုံးဆိုးတယ်။ သူတို့က ငါးဒိုင်လဲလုပ်တယ်။ ပင်လယ်စာဒိုင်ပေါ့။ သူတို့ကြောင့် ထောက်ပို့လုပ်နေတဲ့ ရွာသားတွေ ဖမ်းခံလိုက်ရတာ ၁၀ ယောက်ကျော်တယ်” လို့ သူကပြောပြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီလောက်ကြာမှာတော့ ပျူစောထီးနဲ့ စစ်သားတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ရွာထဲကအိမ်တွေမှာ စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အမိန့်စာပြန်ပြီး သင်္ဂြိုလ်လိုက်တယ်လို့ ကျော်ဆည်ရွာဒေသခံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီအကြာမှာ စစ်သားတွေရော၊ ပျူတွေရောရောက်လာတယ်။ ပြီးတော့ စစ်ဆေးတယ်ဆိုပြီး ရွာထဲကအိမ်တွေကို ဝင်မွှေတယ်။ အလောင်းတွေကို တစ်ညနာရေးလုပ်ပေးတယ်။ မနက်ရောက်တော့ အမိန့်စာပြန်ပြီး အသုဘချလိုက်တယ်” လို့သူက အခုလို ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ပျူစောထီးဆီကနေ AK သေနတ်(၁)လက်၊ ကျည်ဘောက် (၂)ခု၊ ကျည်ထောင့် (၈၄)ထောင့်၊ စကားပြောစက်(၁)လုံး၊ လက်ပစ်ဗုံး(၂)လုံး၊ ဖုန်း(၃)လုံး၊ ဓားမြှောင် (၂)ချောင်း၊ ကျည်ကာဝတ်စုံ (၁)စုံနဲ့ ပုဆိန် (၁)ခု သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ရဲဘော်ဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာလည်း ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ တနင်္သာရီနဲ့ ကော့သောင်းမြို့နယ်တွေမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်လက်ကိုင်တုပ်ဆိုသူတွေ ၁၀ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ ဒေသတော်လှန်ရေးအဖွဲ့တွေက ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်လက်ကိုင်တုပ်တွေကို စာထုတ်ပြန်ပြီး သတိပေးခဲ့ပေမယ့် စစ်တပ်ကိုထောက်ပံ့ပေးတဲ့အလုပ်တွေဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခံရတဲ့သူ ၃၀ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)