စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ယာယီစခန်းကုန်းတစ်ခု စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတယ်လို့ ဒေခံတွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဒလန်ရဲ့သတင်းပေးမှုကြောင့် မြဒေါင်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ယာယီစခန်းကုန်းကို လက္ကူးရွာ ဘုန်းကြီးကျောင်းထဲ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကက ဒလန်ကြောင့် အဲ့စခန်းမှာရှိနေတဲ့ အင်အားရော၊ နေရာရော၊ လက်နက်ခဲယမ်း အခြေအနေရော အတိအကျကို သတင်းပေါက်သွားတာ။ အဲ့ချိန်မှာ စစ်တပ်ဘက်က အလုံးအရင်းနဲ့ ရောက်ချလာတယ်” လို့သူက အခုလို ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တစ်ခုမှာတော့ စက်တင်ဘာလ ၁၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်စခန်းကုန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး တပ်သား ၁၄ ဦး သေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီ တယ်လီဂရမ်ချန်နယ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၇ ဦးရဲ့ ရုပ်လောင်းတွေနဲ့ မောင်းပြန် သေနတ်တွေကို တွေ့ရှိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်ကတော့ အတည်ပြုထုတ်ပြန်ထားမျိုး မရှိသေးပါဘူး။
လက္ကူးကျေးရွာရှိ ဒေသခံတစ်ဦးက “မြဒေါင်ရွာထဲ မီးရှို့ပြီးမှ အဲ့နေရာကို ဝင်တာ။ ရွာထဲကလူတွေ ပြောနေတာတော့ ကျတာများတယ်လို့ ပြောနေကြတယ်။ အဲ့ကလေးတွေက ပိတ်မိသွားတဲ့ သဘောမှာ လည်းရှိတယ်။ ပြီးတော့ လက်နက်ကြီးကလည်း တောက်လျှောက်ထုတာ။ သူတို့က နောက်ဆုံး ကျည်တစ်ထောင့်အထိ ခုခံသွားကြတာ။ ဒီစကားကို ကျနော် ဂုဏ်ယူစွာနဲ့ ပြောပါတယ်” လို့ သူကပြောပါတယ်။
ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ ရုပ်လောင်းတွေကိုတော့ မနေ့က သင်္ဂြိုလ်လိုက်ပြီး ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ အခုလက်ရှိမှာတော့ ပုလောမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ရေလမ်းကနေ အင်အားထပ်ဖြည့်ထားပြီး လက္ကူးကျေးရွာထဲမှာဘဲ ရှိနေဆဲဖြစ်တယ်လို့ ဒေသတော်လှန်ရေးတပ်တွေ ဆီကနေသိရပါတယ်။
မြိတ်ခရိုင် တပ်ရင်း(၁)ရဲ့ တာဝန်ရှိသူက “စစ်ကောင်စီဘက် မြိတ်ကနေပြီး ရေလမ်းကနေတဆင့် အင်အား ထပ်ဖြည့်ထားတာမျိုးရှိပါတယ်။ လတ်တလော ဒီကျေးရွာအနီးတဝိုက်အနားမှာဘဲ ရှိနေဦးမှာပါ။ နေရာအတိအကျကိုတော့ မသိရပါဘူး။ ထပ်ပြီး စစ်ကြောင်းထိုးမယ့် အရိပ်အယောင် တွေ့ရတယ်” လို့ သူက အခုလိုဆိုပါတယ်။
လက္ကူးရွာကို စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက္ကူးရွာ၊ မြဒေါင်ရွာ၊ ပြင်းဖြူရွာက နေအိမ် ၁၅ ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို စစ်တပ်ရဲ့ မထီမဲ့မြင်ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၅ ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်
Phar Si Than (People’s Radio Myanmar)