စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဘုန်ကြီးနှစ်ပါး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီလောက်မှာ တနင်္သာရီမြို့အခြေစိုက် ခမရ ၅၅၇ ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ဗောဓိကမ်းရွာရှိ ဗောဓိဘုန်းကြီးကျောင်းအပေါ် ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အဲဒီကျောင်းက သက်တော် ၄၀ ဝန်းကျင်ရှိ ဘုန်းကြီးတစ်ပါးရဲ့ ကျောပြင်မှာ လက်နက်ကြီး ကျည်စထိမှန်ခဲ့ပြီး သက်တော် ၃၀ ကျော်ရှိ ဘုန်ကြီးတစ်ပါးရဲ့ လက်မောင်းမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံကအခုလိုပြောပါတယ်။
“တနင်္သာရီမြို့ပေါ်ကနေ ဗောဓိကမ်းဘက်ကို ပစ်တာ။ ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးနှစ်ပါး ထိတာပါ။ တစ်ပါးက နောက်ကျောမှာ၊ တစ်ပါးက လက်မောင်းမှာ။ ဆေးရုံတင်ကားနဲ့ ချက်ချင်းဆေးရုံကို ပို့ဆောင်ပေးလိုက်ပါတယ်။ အရပ်ဘက်ကတော့ အထိခိုက်မရှိခဲ့ပါဘူး” လို့ သူကဆိုပါတယ်။
အခုလက်ရှိမှာတော့ ဘုန်းကြီးနှစ်ပါးစလုံးက တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အခြေအနေမစိုးရိမ်ရဘူးလို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၁၉ ရက်နေ့၊ ညနေ ၆ နာရီလောက်မှာ တနင်္သာရီမြို့ပေါ်ရှိ လေသာ တောင်ပေါ်ကနေ ဘန်လောရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည် ၆ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ ည ၈ နာရီလောက်မှာလည်း တနင်္သာရီမြို့နယ်ထဲရှိ သမုတ်ချုံး၊ ဘန်းလမွတ် စတဲ့ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသတော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ညနေ ၆ နာရီလောက်ကတည်းက ဘန်လောဘက်ကို တောက်လျှောက်ထုတယ်။ ၈ နာရီရောက်တော့ တနင်္သာရီမြို့ရဲ့ ဟိုဘက်ကမ်းဘက်ကို လှည့်ထုတယ်။ ထုနေတာက နေ့တိုင်းနီးပါးပါဘဲ” လို့သူကအခုလို ပြောပြပါတယ်။
အဆိုပါပစ်ခတ်မှုတွေရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ ဘန်လောရွာမှာတော့ ထိခိုက်မှု ရှိ မရှိကို ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့တိုင်းနီးပါး လုပ်ဆောင် နေတာကြောင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဖြစ်တဲ့ ဘန်လောရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်၊ ညောပင်ကုန်း၊ တမုတ်ချုံး၊ လယ်တောင်ယာ စတဲ့ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်ကူညီနေတဲ့သူတစ်ဦးက “စစ်တပ်က လက်နက်ကြီးတောက်လျှောက်ပစ်နေတော့ ရွာသားတွေက ရွာထဲမပြန်ရဲကြတော့ဘူး။ သူတို့ကြောင့် ရွာသားတွေ အသက်ဆုံးရှုံးတာနဲ့ ထိခိုက် တာတွေလည်းများနေပြီ။ စစ်ရှောင်ဦးရေလည်း အရင်ကထက်ပိုများလာတယ်။ တချို့က စစ်ရှောင် စခန်းမှာနေကြတယ်။ တချို့ကတော့ ခြံတွေထဲမှာ နေကြတာပေါ့။ တိုက်ပွဲဖြစ်တဲ့အချိန်ဆိုရင် တော်တော်များများ စစ်ရှောင်စခန်းကို ရောက်လာကြတယ်” သူကအခုလိုပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စစ်အုပ်ချုပ်ရေး ဒေသတွေဖြစ်တဲ့ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူ ၄၀ ကျော်နဲ့အထက် သေဆုံးတာတွေ ရှိပြီး မီးရှို့တာနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ၁၀၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီး ခဲ့တယ်လို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)