စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ လက္ကူးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေ ဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ လက္ကူးရွာထဲ ဝင်ရောက်တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေကို မြိတ်ခရိုင်တပ်ရင်း (၁) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနီးကပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က ၄ ဦးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မျက်မြင်တွေရှိရတဲ့ ရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“၄ ဦးသေဆုံးတယ်ဆိုတာက စစ်ရှောင်တွေရဲ့ ပြောပြချက်အရရော ရှေ့တန်းရဲဘော်တွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။ ပစ်ခတ်မှုကြာချိန်ကိုတော့ သေချာမကြည့်မိလိုက်ဘူး။ သူတို့က အဲ့ဘုန်းကြီးကျောင်းမှာ ၁၄ ရက်နေ့ကတည်းက တပ်စွဲထားတယ်” လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီဘက်က အထိနာများတာကြောင့် ပုလောမြို့ဘက်ကနေ စစ်ကူလာတဲ့ စစ်သားအင်အား (၁၀၀) ဝန်ကျင်ရောက်ရှိလာပြီး နေ့လည် ၂ နာရီလောက်မှာ ဒေသတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့ပစ်ခတ်မှု တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ ပုလောအခြေစိုက် ခလရ (၂၈၅) တပ်ရင်းနဲ့ စစ်သင်္ဘောတွေပေါ်မှာ လက်နက်ကြီး၊ အမြောက်တွေနဲ့ ဆက်တိုက် ပစ်ကူပေးနေခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ပုလောဘက်ကနေ စစ်ကူလာတဲ့သူတွေနဲ့ပေါင်းပြီး လက္ကူဘုန်းကြီးကျောင်းထဲ တပ်ဝင်စွဲတယ်။ အဲ့ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာတိုက်ပွဲထပ်ဖြစ်ပြီး သူတို့ဘက်က ၁ ဦးထပ်ပြီးသေတယ်။ တိုက်ပွဲဖြစ်နေတဲ့ အချိန်နဲ့ ပြန်ဆုတ်တဲ့အချိန်တွေမှာ စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာ ဆက်တိုက်ပါဘဲ” လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၄၀ ကျော်ဝန်းကျင်အရွယ် ဦးသန်ဇော် လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ဒေသခံတစ်ဦး ဆီကနေ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ ၁၀၀ ကို စစ်ကောင်စီတပ်တွေက လက္ကူးရွာဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအဖြင့် ဖမ်းဆီးထားခဲ့တာကြောင့် ဒေသတော်လှန်ရေး တပ်တွေအနေနဲ့ ခက်ခက်ခဲခဲ ဝင်တိုက်ခဲ့ရတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။
“စစ်ကူရောက်လာပြီးတာနဲ့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံ ၁၀၀ ကျော်ကိုဖမ်းလိုက်တယ်။ အဲ့အချိန်မှာ ပြည်သူတွေလည်း ရှိနေတော့ သူတို့ကို ဝင်တိုက်ဖို့အတွက် ကျနော်တို့မှာ တော်တော်ခက်တယ်။ လူတွေထိမှာလည်းကြောက်တယ်” လို့ သူကအခုလိုဆိုပါတယ်။
အဆိုပါ ၂ ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးမှု ရှိ မရှိကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြာအတည်မပြုနိုင်သေးပါဘူး။
အခုလက်ရှိအချိန်ထိ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်တွေက လက္ကူးရွာရှိနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)