စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ ရပ်တော်မူဘုရားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်အချိန်မှာ ရေဖြူမြို့ ရပ်တော်မူဘုရားအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ စနိုက်ပါနဲ့သွားရောက် ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ ခမရ ၄၀၈ နဲ့ ခမရ ၄၀၉ တပ်ရင်းက စစ်ကောင်စီတပ်သား၂ ဦးသေဆုံးခဲ့တယ်လို့ Dawei Defense Team -DDT မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“အဲ့စခန်းမှာ ၁၅ ဦးကနေ ၂၀ ဦး လောက်ရှိတယ် သေသွားတဲ့ ၂ ယောက်က အသက်ကြီးပြီး တစ်ယောက်ကခြေမသန်ဘူး သာမာန်တပ်သားတွေပါ အဲ့ဒိဂိတ်က ပုံမှန်ပါပဲလမ်းသွား၊ လမ်းလာတွေကို စစ်ချင်တဲ့အချိန်စစ်တယ် သူတို့ရဲ့သေဆုံးတာကိုတော့ သေချာမြင်ပါတယ်” လို့ သူကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တော်မူဘုရားပေါ်မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။
ဒါ့အပြင် အခုလိုစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် ရေဖြူမြို့မှာ စစ်ကောင်စီတပ်ဘက်မှ စစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့သလို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြည်လည်ပစ်ခတ် ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဂိတ်ပစ်ခံရပြီးတော့ လက်နက်တွေဆက်တိုက်ထုတယ် ဂိတ်ပစ်ခံရပြီးတော့ စစ်ဆေးမှုပြုလုပ်တာ ခါတိုင်းမျိုးပဲ ဆိုင်ကယ်ဖုံးဖွင့်ခိုင်းပြီးစစ်တယ် ပစ်တာက ရပ်တော်မူဘုရားမှာရှိတဲ့သူတွေနဲ့ ဂိတ်ထဲမှာရှိတဲ့သူတွေလေ လက်နက်ကြီးရော ငယ်ရော သေတာကတော့ ၂ကောင်သေတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ အခုစက်တင်ဘာလအတွင်း ရပ်တော်မူဘုရားအနီးမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတာ ၃ ကြိမ်ရှိနေပြီးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Dawei Defense Team -DDT မှ ရဲဘော်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စစ်ဆေးဂိတ်တွေ၊ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်ယာဥ်တန်းတွေမှာ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုတွေလည်းရှိနေတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းအတွင်း ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီ တပ်သားတွေတိုက်ခိုက်ခံရမှု ပိုများလာပြီး စစ်ဆေးတာတွေလည်းပိုမိုပြုလုပ်လာပြီး ပိုတင်းကြပ် လာတာကြောင့် ဒေသခံတွေသွားလာရေး ကြပ်တည်းလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)