စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာနဲ့ ပြင်းဖြူရွာက နေအိမ် ၁၅ ဆောင်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးပြီး ပြင်းဖြူရွာက ဒေသခံ လေးဦးကိုလည်း အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဘက်က စစ်ကြောင်းထိုးနေချိန် လက္ကူးရွာက ဒေသခံတွေရဲ့ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ ညမှာ ပစ်သတ်ခံထား ရတဲ့ ပြင်းဖြူရွာက ဒေသခံတွေရဲ့ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပုလောမြို့နယ်ရှိ ဒေသခံ တစ်ဦးက ပြောပါတယ်။
အကြောင်းမဲ့ ပစ်သတ်ခံရသူတွေက အသက် ၄၀ အရွယ် ဒေါ်ရီဝင်း၊ အသက် ၆၉ နှစ်အရွယ် ဦးဘကျင်၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးငွေစိုး၊ အသက် ၃၇ အရွယ် ဒေါ်ကုလားမတို့ ဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်နေ့က သတ်ပစ်လိုက်တာလဲဆိုတာကိုတော့ သေချာမသိဘူးရဘူး။ ၁၇ ရက်နေ့ကမှ သူတို့အလောင်းတွေကို တွေ့တာပါ။ သူတို့က မိသားစုတွေလေ။ မိသားစုအလိုက် အစုလိုက်သတ်ခံရတဲ့ပုံစံ။ ရီဝင်းကတော့ တူမဖြစ်သူ။ ကျန်တဲ့သူတွေက ဦးဘကျင်ရဲ့ သားနဲ့သမီးတွေ။ တော်တော်ဆိုးဆိုးရွားရွားပါဘဲ” လို့ ပုလောမြို့နယ်ထဲရှိ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းမှာတော့ စစ်တပ်က ပြင်းဖြူရွာရှိ ဦးဘကျင် နေအိမ်၊ ဦးငွေစိုး နေအိမ်နဲ့ ဒေါ်ရီဝင်း နေအိမ်တို့ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့၊ မနက်မှာလည်း ပုလောမြို့နယ်၊ မဒေါင်ရွာက နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပေမယ့် မီးလောင်သွားတဲ့ အိမ်အရေအတွက်အတိကျကိုတော့ နယ်မြေအခြေအနေအရ အတည်မပြု နိုင်သေးပါဘူး။
ပုလောမြို့ပေါ်ရှိ ဒေသခံတစ်ဦးက “နယ်မြေအခြေအနေက တော်တော်ဆိုးတယ်။ အခုထိ အတည်ပြုဖို့ ခက်ခဲတဲ့အခြေနေ။ မနေ့က မီးခိုးလုံးတွေကို မြင်နေရတယ်။ ဘယ်နှစ်ဆောင် ထပ်ရှို့ခဲ့တယ်ဆိုတာလည်း မသိရဘူး” လို့သူကပြောပါတယ်။
အခုလက်ရှိမှာတော့ ပုလောမြို့နယ်ရှိ လက္ကူးရွာ၊ ပြင်းဖြူရွာ၊ မှော်ကြောင်းရွာက ဒေသခံတွေက မိသားစုတွေနဲ့ ကွဲကွဲပြားပြားဖြစ်နေပြီး ပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ အလားတူ တိုက်ပွဲကြောင့် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ရာနဲ့ချီ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းဘ အမြစ်တွေ အရသိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စစ်အုပ်ချုပ်ရေး ဒေသတွေဖြစ်တဲ့ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူ ၄၀ ကျော်နဲ့အထက် သေဆုံးတာတွေ ရှိပြီး မီးရှို့တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ၁၀၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီး ခဲ့တယ်လို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)