စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်လမ်း (၅) မိုင် ရေဆင်းကုန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စပါးကျီ ၃ လုံးနဲ့ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သံတောင်မြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရှမ်းပြုံးချောင်းရွာရှိ မိသားစုနေအိမ်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ တပ်သားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ပိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်က ရှမ်းပြုံးချောင်းရွာမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲနေထိုင်နေကြတယ်လို့ သံတောင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“စက်တင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြုံးချောင်းရွာမိသားစုနေအိမ်ပြန်လာနေတဲ့ စစ်သားတစ်ဦးက ဝက်မွေးမြူတဲ့နေရာ သွားသည်ဆိုကာ နယ်မြေခံ တလရ တပ်တွေနေရာကို လာကြည့်ပြီး သတင်းတွေ ပို့နေရာကနေ ၁၃ ရက်နေ့ ဖမ်းခံပျောက်သွားပြီးနောက် စစ်တပ်က ရွာတွေထဲ အင်အားအလုံးအရင်း ဝင်တပ်စွဲ့ကြတာပါ” လို့သူကပြောပါတယ်။
အခုလို တပ်စွဲနေထိုင်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ရေဆင်းကုန်းကျေးရွာအုပ်စုရှိ ကယားပြုံးချောင်းရွာက နေအိမ် ၄ လုံး၊ စပါးကျီ ၃ လုံးနဲ့ ရှမ်းပြုံးချောင်း အရှေ့ရွာက ဒေသခံ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေထဲရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရေဆင်းကုန်းရွာ၊ ကယားပြုံးချောင်းရွာ၊ ရှမ်းပြုံးချောင်းရွာ၊ အရှေ့ရွာနဲ့ အနောက်ရွာက ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီက သိရပါတယ်။
“ရေဆင်းကုန်း၊ ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်းနဲ့ အရှေ့ရွာ၊ အနောက်ရွာ၊ (၅) ရွာက အမျိူးသမီး သက်ကြီးနဲ့ ကလေးတွေတိမ်းရှောင်လာကြပါတယ်၊ စစ်ရှောင်က ၁၀၀ ကျော် ၂၀၀ နီးပါးရှိပါတယ်၊ အခုလက်ရှိအချိန်ထိ တပ်စွဲထားတော့ မပြန်ကြရသေးပါဘူး” လို့ စစ်ရှောင်အရေး ကူညီလုပ်ကိုင် ပေးနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက သံတောင်မြို့တစ်လျှောက်မှာ လုံခြုံရေးအပြည့် ယူထားတဲ့အပြင် ရိက္ခာသယ်ယူခွင့်ကိုလည်း ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာမလုံလောက်တာတွေရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သံတောင်မြို့၊ သဲမိုးတောင်ရွာနဲ့ ယာဒိုကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်ရဲ့ ၇မိုင်တပ်၊ ဘုရင့်နောင်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေကြောင့် ဒေသခံနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံ ၂၅၀၀ ကျော် ဘေးလွတ်ရာကို ၂ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ThandaungMupoe
Phar Si Than (People’s Radio Myanmar)