စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်ကို ပရဟိတ မျက်နှာဖုံးတပ်ကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ထားဝယ်မြို့ပြပြောက်ကျားအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ Guerrilla Daweiရဲ့ တာဝန်ခံ ကိုပီတာဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းလောက်မှာ လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ တောင်ပြိုကျမှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားတဲ့နေရာကို ကူညီဆောင်ရွက်ပြီးအပြန် ညင်းမော် ကျေးရွာအနီးရှိ ကြယ်တောင်အနားမှာ ကိုနိုင်မျိုးသွင်ကို စစ်ဆေးမေးမြန်းမှုပြုလုပ်ရန်အတွက် ထားဝယ်ပြောက်ကျားတပ်ဖွဲ့က ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဇမ္ဗူသီရိအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့က ပြန်လာတဲ့လမ်းမှာ ကားတားတယ်။ ကိုနိုင်မျိုးသွင်ကို မေးစရာ၊ စစ်ဆေးစရာရှိလို့ ပူးပေါင်းပါဝင်ပေးပါဆိုပြီးပြောတယ်။ အေးဆေးဘဲပြောပြီး ခေါ်သွားတာပါ။ ကျန်တဲ့သူတွေကိုတော့ ဘာမှမပြောပါဘူး။ သူ့ကိုလည်း ကြိုးနဲ့တုပ်တာမျိုးတွေမရှိဘူး။ ဒီတိုင်း ဆိုင်ကယ်နဲ့ အေးအေးဆေးဆေး ဘဲတင်သွားတာပါ” လို့ သူကပြောပြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အချိန်ကစပြီး အခုလက်ရှိအချိန်ထိ သပိတ်အဖွဲ့အစည်း၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့ သူတွေထံပေးပို့နေတာအပြင် စစ်တပ်ခန့် နယ်လုံဝန်ကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုတို့နဲ့ ပူးပေါင်းကာ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ငွေမဲလုပ်ငန်းတွေကို လုပ်ဆောင်နေတာကြောင့် အခုလို ဖမ်းဆီးရတာဖြစ်တယ်လို့ Guerrilla Daweiရဲ့ တာဝန်ခံ ကိုပီတာက ပြောပါတယ်။
“ဦးနိုင်မျိုးသွင်ကို ဖမ်းရတဲ့ ပထမဆုံးအချက်က တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီနဲ့ ပတ်သတ်နေတဲ့လူတွေ၊ ဆက်နွယ်နေတဲ့လူတွေဆီ သတင်းပေးပို့နေတယ်လို့ ကျနော်တို့ သတင်းရထားတယ်။ ဒုတိယတချက်က သူသည်စစ်တပ်ရဲ့ ဝန်ကြီးဦးမြတ်ကို၊ နယ်လုံဝန်ကြီးတွေနဲ့ ပတ်သတ်ပြီး တရားမဝင်ငွေမဲလုပ်ငန်းတွေကို လုပ်ကိုင်တယ်။ နာရေးကူညီမှုကို မျက်နှာဖုံးလုပ်ပြီး တရားမဝင် လိုင်စင်မဲ့ကားမှောင်ခိုလုပ်ငန်းတွေကိုလည်း လုပ်နေတယ်။ အဲ့ဒီအချက်တွေကြောင့် အခုလို ဖမ်းဆီးစစ်ဆေးရခြင်းဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
ကိုနိုင်မျိုးသွင်းကို စစ်ဆေးတဲ့အချိန် ဖုန်းထဲမှာ သက်သေနဲ့တကွ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီ တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ထားတာ၊ စစ်တပ် အကြီးပိုင်းတွေနဲ့ ပူးပေါင်းပြီး ငွေမဲလုပ်ငန်းလုပ်ကိုင်နေတာတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ကိုပီတာက ဆက်ပြောပါတယ်။
“သူ့ကို စစ်ဆေးတဲ့အချိန် သူ့ဖုန်းထဲမှာတွေ့တာက စစ်တပ်နဲ့ပတ်သတ်နေတဲ့သူတွေကို သပိတ် ခေါင်းဆောင်တွေရဲ့ ပုံတွေကို သတင်းပို့ထားတာတွေရှိတယ်။ လိုင်စင်မဲ့ကားတွေ ဖမ်းမိထားတဲ့ ကားပိုင်ရှင်တွေဆီကနေ ငွေမတရားတောင်းထားတာတွေ့ရတယ်။ ငွေလွှဲပြေစာ ၅ ခုကိုတွေ့တယ်။ ဆယ်သိန်း ၅ ကြိမ်လွှဲထားတယ်။ စစ်တပ်တွေနဲ့ ပတ်သတ်ဆက်နွယ်တဲ့ ဖုန်းမှတ်တမ်းတွေလည်း တွေ့ရတယ်” လို့ သူကဆိုပါတယ်။
အလားတူ ကိုနိုင်မျိုးသွင်က ပရဟိတ မျက်နှာဖုံးတပ်ပြီး တရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အပြင် လူမှုရေးဖောက်ဖျက်မှုတွေကိုပါ ကျူးလွန်ထားတယ်ဆိုတဲ့အကြောင်းကို ဖုန်းထဲသက်သေတွေနဲ့ တွေ့ရှိရုံမက ကိုယ်တိုင်ထွက်ဆိုဝန်ခံထားတယ်လို့လည်း ကိုပီတာရဲ့ ပြောဆိုချက်အရသိရပါတယ်။
“သူက ပရဟိတ မျက်နှာဖုံးကိုဗန်းပြပြီး တရားဝင်မယားရှိပါလျက် ပရဟိတလုပ်နေတဲ့ အမျိုးသမီး တစ်ဦးနဲ့ ၈ နှစ်တာ လူမှုရေးဖောက်ပြန်ပေါင်းသင်းထားတာတွေကို သူ့ဖုန်းထဲကနေ စစ်ဆေးတွေ့ရတယ်။ အဆိုပါအမျိုးသမီးကို နစ်နာကြေးအနေနဲ့ လစဉ်ထောက်ပံ့နေတာတွေကိုလည်း တွေ့ရှိရတယ်။ သူကိုယ်တိုင်လည်းဝန်ခံထားတယ်။ အဲ့တာတွေက တော်လှန်ရေးနဲ့မသက်ဆိုင်ပေမယ့် ပရဟိတ မျက်နှာဖုံးတခုနဲ့ လူမှုရေးဖောက်ပြန်နေတာကလည်း လူမှုရေးပြစ်ဒဏ်တော့သက်ရောက်တယ်။ အဲ့တာကြောင့် သူကဘယ်လို လူစားမျိုးဆိုတာကို ကျနော်တို့အနေနဲ့ ဖော်ထုတ်ရမှာဖြစ်တယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိမှာတော့ ကိုနိုင်မျိုးသွင်ကို Guerrilla Dawei အဖွဲ့အနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို အဟန့်အတားဖြစ်စေတဲ့ စစ်တပ်နဲ့ ပူပေါင်းလုပ်ဆောင်ချက်တွေကို ဆက်လက်ဖော်ထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို စစ်ဆေးပြီးရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံအပ်နှံပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ Guerrilla Dawei အဖွဲ့ရဲ့ ကိုပီတာက ပြောပါတယ်။
ဇမ္ဗူသီရိပရဟိတ အဖွဲ့ဝင်ဟောင်းတစ်ဦးက “သူအမြဲပြောတာက ဒီအဖွဲ့က အဖြူရောင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဘယ်ဘက်မှပါလို့မရဘူးဆိုပြီး အမြဲပြောတယ်။ သူကိုယ်တိုင် ဟိုးအရင်ကတည်းက စစ်တပ်က လူတွေနဲ့ပေါင်းပြီး လုပ်စားနေတာလည်းသိတယ်။ သူအဲ့လို လုပ်နေပေမဲ့ တော်လှန်ရေးနဲ့ ပတ်သတ်တဲ့သူတွေကိုတော့ အခုလိုမျိုးကြီးလုပ်လိမ့်မယ်လို့ မထင်ထားဘူးပေါ့” လို့ကသူကအခုလို ဆိုပါတယ်။
ထားဝယ်မြို့ အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ကို ဧပြီလ ၁၃ ရက်နေ့၊ ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းစဉ်တွေအပြင် တခြားပရဟိတလုပ်ငန်းစဉ်တွေကိုလည်း အဓိက လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့အချိန် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာလိုက်ပါတဲ့ ပရဟိတသမားတွေကို အဖွဲ့အစည်းထဲကနေ အတင်းနှုတ်ထွက်ခိုင်းပြီး ဖိအားပေးပြောဆိုမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပရဟိတအဖွဲ့အစည်းရဲ့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
တနင်္သာရီတိုင်းမှာ အရေးပေါ်လူနာတင်ယာဉ်ကူညီသယ်ဆောင်ရေးအဖွဲ့ ၅၀ ကျော်ထက်မနည်းရှိပြီး အဲ့ဒီထဲမှာမှ ဇမ္ဗူသီရိအဖွဲ့ရဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်က နာမည်ဆိုးနဲ့ကျော်ကြားနေတာဖြစ်တဲ့အတွက် အခုလို ထားဝယ်ပြောက်ကျားအဖွဲ့က ဖမ်းဆီးစစ်ဆေးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)