စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်အချိန်မှစတင်ကာ ခလယ်ကျေးရွာကို စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄၊ တပ်မ ၂၂ အပါအဝင် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ကို နဂါးနီစစ်ကြောင်းနဲ့ KNLA တပ်ရင်း(၁၆)တို့မှ လိုက်လံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အဘစ်ရွာအမြှောက်တပ်ကလည်း ၁၂၂ မမ ဟောင်ဝစ်ဇာတွေနဲ့ ပြည်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေရှိတယ်လို့ နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်း ကပြောပါတယ်။
“အမြှောက်တပ်က ၁၂၂ မမနဲ့ ခလယ်ရွာထဲကိုပစ်ချတာ ရွာလယ်ဘုန်းကြီးကျောင်းကိုကျတယ် မော် တော်ယာဉ်တစ်စီးပျက်စီးပြီး ရဟန်းနှစ်ပါး ဒဏ်ရာရတယ်ပြီးတော့ နောက်တစ်ခေါက်ပစ်တာက ရွာသားတစ်ဦး သေသွားတယ်”လို့ သူကပြောပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “မနေ့က လက်နက်ကြီးတွေလည်းရမ်းပစ်တာ ရွာသားတွေထိတယ် ကားတွေလည်းပျက်စီးတယ် ကရင်စုဘက်ဆိုတော့ ဘယ်သူတွေမှန်း အတိအကျမသိရဘူး”လို့ သူကပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းအချိန်ကစပြီး စစ်ကောင်စီတပ်ရဲ့ အဘစ်အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေသလို အခုအချိန်ထိ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
“စကစကအခု ခလယ်ရွာထဲမှာလိုက်မွှေနေတယ် ကျွန်တော်တို့ကတော့ ဘက်ပေါင်းစုံကနေ အခု စာရိုက်နေတဲ့အချိန်အထိ တိုက်ခိုက်နေတုန်းပဲ မနေ့က လည်းတိုက်ပွဲထဲ အရပ်သားနှစ်ယောက် ကယ်ထုတ်ခဲ့ရသေးတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးတစ်ဦး၊ BGF တပ်ခွဲမှူးအပါအဝင် ၁၀ ဦးထပ်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသလို စစ်ကောင်စီတပ်နဲ့ BGF တပ်သားတွေရဲ့ အလောင်းတွေကိုလည်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးကဆိုပါတယ်။
ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ တံခွန်တိုင်၊ ပုလိန်အပါအဝင် ကျေးရွာပေါင်း ၇ ရွာက ဒေသခံ ၁၅၀၀၀ လောက်ဟာ မုဒုံမြို့နဲ့ အနီးအနား ကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ ကရင်အမျိုးသားအစည်းရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ရုပ်သံ – နဂါးနီစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)