စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ညကင်းပတ်နေတဲ့ စစ်ကောင်စီတပ်တွေက ညဘက်အပြင်ထွက် သူတွေကို ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ညဘက်တွေမှာ စစ်ကား ၃ စီးလောက်နဲ့ ညတိုင်းကင်းပတ်နေတာ ၃ လကျော်ကြာမြင့်နေပြီး ဖြစ်ပါတယ်။
အရင်က ညဘက်ကင်းပတ်တဲ့အချိန် ဒေသခံပြည်သူတွေကိုတွေ့ရင် ပစ်ခတ်တာမျိုးမရှိပေမဲ့ စက်တင်ဘာလထဲမှာတော့ ညဘက်အပြင်ထွက်သူတွေကို ပစ်ခတ်တာတွေ ရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“အရင်က ပတ်တာ ပစ်တာတွေမရှိဘူး၊ သူတို့ပတ်တဲ့အချိန် လမ်းမှာလူတွေ့ရင် စစ်ဆေးတာလောက်ဘဲ ရှိတယ်၊ အခုနောက်ပိုင်းမှ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ ညကလည်း ကော့ကရိတ် အမှတ် ၇ ရပ်ကွက်မှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်က ညဘက်အပြင်ထွက်တဲ့ ကော့ကရိတ်မြို့ဒေသခံ ၂ ဦးကို ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“အဲ့ဒီညက ၁၀ နာရီကျော်ပြီး၊ သူတို့ နှစ်ယောက်က အရက်သောက်ပြီး ပြန်လာတာ၊ ကင်းပတ်တဲ့ ကားနဲ့ တည့်တည့်တိုးတာ၊ အဲ့ဒီမှာ တစ်ယောက်ကတော့ သေသွားတယ်၊ နောက်တစ်ယောက်လည်း ထိသွားတယ်၊ အခုလက်ရှိအခြေအနေတော့ မသိရသေးပါဘူး” လို့ ကော့ကရိတ်မြို့မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
အခုလိုပစ်ခတ်နေတာဟာ စစ်ကောင်စီတပ်က ကြောက်ရမ်းရမ်းနေတာဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခင်ကျရှုံးတော့မယ်ဆိုတာကို ပြနေတာဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီကောင်တွေက ဘာကို ပြလဲဆိုလို့ရှိရင်၊ ဒီကောင်တွေက ကြောက်ရမ်းရမ်းပြီးတာလေ၊ ပြည်သူတွေကို သူတို့အရမ်းကြောက်နေပြီးလေ၊ သူတို့ပြည်သူတွေကို ပြန်ကြောက်နေရတဲ့အခါမှာ အဲ့ဒီလိုတွေ လုပ်နေတယ်လို့ မြင်ပါတယ်” လို့ သူကပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်က အစစ်အဆေးတွေ တင်းကြပ်နေတဲ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)