စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ အင်းဇောက်ရွာမှာ လူမှုကူညီရေးပရဟိတအဖွဲ့ဝင် လူငယ်နှစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ အင်းဇောက်ကျေးရွာရှိ အရေးပေါ်လူနာတင်ယာဉ်နဲ့ နာရေးကူညီမှု အသင်းဝင်တွေ ဖြစ်တဲ့ အသက် (၂၅) နှစ်အရွယ် ကိုတောက်တောက်ဆိုသူနဲ့ ကိုအောင်နိုင်ရှိန် (ခေါ်) ကိုငယ်ငယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ ကိုတောက်တောက်ဆိုသူကို အင်းဇောက်ရွာလယ်ရှိ နေအိမ်အနီးမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၆ ယောက်က ဆိုင်ကယ်သုံးစီးနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အင်းဇောက်ရွာဒေသခံကဆိုပါတယ်။
“ကွမ်းယာဆိုင်ထဲ ကွမ်းဝယ်နေတုန်း နောက်ကနေ သေနတ်ထောင့်ပြီး ခေါ်သွားတယ်။ ဆိုင်ကယ်သုံးစီး၊ လူ ၆ ယောက်လောက်ရှိတယ်။ ဘယ်သူဆိုတာလည်း မသိရဘူး။ အရပ်ဝတ်တွေနဲ့ မျက်နှာဖုံးစွပ်တွေ တပ်ထားတယ်။ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုလည်း မှန်းလို့မရဘူးဖြစ်နေတယ်။ ဘာကြောင့်ခေါ်သွား မှန်းလည်း မသိဘူးလို့” သူကအခုလို ပြောပြပါတယ်။
အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်လောက်မှာလည်း ကိုအောင်နိုင်ရှိန်ကို အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာဘုရားလမ်းရှိ သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ အင်းဇောက်ရွာ ဒေသခံကဆက်ပြောပါတယ်။
“ငယ်ငယ်ကိုက အိမ်မှာလာဖမ်းသွားတာ။ မိနစ် ၃၀ လောက်ဘဲကွာတယ်။ သူတို့နှစ်ယောက် သူငယ်ချင်းတွေ။ သူတို့က တစ်ယောက်က ပန်းရံလုပ်တယ်။ တစ်ယောက်က မြေတင်ကားမောင်းတယ်။ ပြီးတော့ ကျနော်တို့ရွာမှာဆို အရေးပေါ်ကားလည်း မောင်းကြတယ်။ မနေ့ကတည်းက ဖမ်းသွားတာ သတင်းအစအန လည်းမရဘူး” လို့ သူကပြောပြပါတယ်။
အဆိုပါ အဖမ်းခံရတဲ့ အမျိုးသားနှစ်ဦးက စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။ အဲ့ဒီအမျိုးသားနှစ်ဦးကို ဘာအကြောင်းနဲ့ ဘယ်အဖွဲ့အစည်းက ဖမ်းခေါ်သွားတယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာလည်း အသက် ၄၀ အရွယ် ဦးသိန်းစိုးနဲ့ အသက် ၈၀ အရွယ် ဦးလှရွှေတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး အချိန် တစ်လကျော်ကြာမြင်တဲ့အထိ ပြန်လွတ်လာခြင်းမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ အဆိုပါ အမျိုးသားနှစ်ဦး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်မှာတော့ ဒေသတော်လှန်ရေးတပ်တွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ထုတ်ပြန်ကြော်ငြာထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံမြို့နယ်အတွင်း ဒေသခံပြည်သူတွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးပြီး ပြန်မလွတ်ပေးတာနဲ့ သတ်ဖြတ်ခံလိုက်ရတဲ့လူ ၃၀ ဦး ထက် မနည်းရှိခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)