စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဇာဒီကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးကျည်ရှထိဒဏ်ရာရရှိခဲ့တယ်လို့ ကံပေါက်ဒေသခံတွေ ဆီကနေသိရပါတယ်။
ပစ်ခတ်ခံရသူနှစ်ဦးမှာ ဇာဒီကျေးရွာအုပ်စု ခေါင်ပြန်ရွာရှိ အသက် ၅၀ ကျော်အရွယ် ဦးကြည်စိုးနဲ့ ဇာဒီရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်မောင်တို့ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် (၆) နာရီလောက်မှာ ခေါင်ပြန်ရွာရှိ ဦးကြည်စိုးဆိုသူက နေအိမ်မှာရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကံပေါက်ဒေသခံက ဆိုပါတယ်။
“ပစ်ခံရတဲ့ ၂ ယောက်ပေါ့။ နာရီပိုင်းဘဲခြားတယ်။ သူတို့က ပျူစောထီးတွေလေ။ ရွာသားတွေကိုလည်း ဒုက္ခပေးတယ်။ စစ်တပ်နဲ့ပေါင်းပြီးလုပ်စားနေကြတာ။ အိမ်မှာ ရှိနေတုန်း လာပစ်သွားတယ်။ ဘယ်အဖွဲ့ ကလဲတော့မသိရဘူး” လို့ သူကပြောပါတယ်။
အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဦးသက်မောင်ဆိုသူက လက်ဖက်ရည်ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ထွက်ပြေးသွားတဲ့အချိန် လက်နဲ့ခြေထောက်မှာ ကျည်ရှထိ ဒဏ်ရာရရှိတာကြောင့် အခုလက်ရှိ မောရဝတီရေတပ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ဇာဒီကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက “ဘစ်မောင်က အာစွာတယ်။ နာမည်ကတော့ သက်မောင်ပေါ့။ တစ်ရွာလုံးက ဘစ်မောင်လို့သိကြတယ်။ တခုခုဆို စစ်တပ်ခေါ်ဖမ်းခိုင်းရမလား။ ဘာညာ ခြိမ်းခြောက် တယ်။ ပြီးတော့ တော်လှန်ရေးသမားတွေရဲ့ သတင်းတွေကိုစုံစမ်းပြီး စစ်တပ်ကိုသတင်းပို့တယ်။ ကြည်စိုးလည်း တူတူဘဲ” လို့ သူကအခုလိုပြောပြပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်တွေကို ဘယ်အဖွဲ့ကလုပ်ဆောင်လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီပစ်ခတ်မှုအပြီး ညနေပိုင်းလောက်မှာတော့ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်နဲ့ ခလရ ၂၇၃ တပ်ရင်းတွေက စစ်သားအင်အား ၁၀၀ လောက်က စစ်ကား ၄ စီးနဲ့ ရောက်ရှိလာပြီး လမ်းသွား လမ်းလာတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာပေါ့ စစ်တပ်အင်အား ၆၀ လောက်က ဇာဒီကျေးရွာအုပ်စုထဲက ရွာတွေဖြစ်တဲ့ ပယရွာ၊ ဇာဒီရွာ၊ ခေါင်ပြန်ရွာနဲ့ ခွေးမဖောရွာတွေဘက်ကိုလည်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ တောနင်းရှာဖွေတာနဲ့ စစ်ကြောင်းထိုး တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း ကားနဲ့ရောက်ရှိလာတဲ့ စစ်သားတချို့က ပယရွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ အထိုင်ချထားပြီး လမ်းသွားလမ်းလာတွေကို အတင်းအကြပ် စစ်ဆေးနေတယ်လို့ ဒေသခံက အခုလိုပြောပါတယ်။
“သူတို့ဘက်က တခုခုဖြစ်ရင် အခုလို စစ်ကြောင်းထိုးတာနဲ့ လူတွေကိုစစ်မယ်။ မှတ်ပုံတင်တွေလည်း စစ်တယ်။ အခန့်မသင့်ရင် ပိုက်ဆံတောင်းတာတွေလည်းလုပ်တယ်။ ကားနဲ့ ဆင်းလာတဲ့ အင်အား ၁၀၀ မှာ တချို့က ဂိတ်မှာစစ်တယ်။ တချို့ကတော့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တောနင်းနေတယ်။ ရေတပ်က စစ်သားတွေ” လို့သူက ဆက်ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာလည်း ဇာဒီကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးအေးဟန် ပစ်သတ် ခံခဲ့ရသလို စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး ဘယ်အဖွဲ့ အစည်းတွေကမှ အသိပေးထုတ်ပြန်ကြော်ငြာတာတွေမရှိခဲ့ဖူးဘူးလို့ ဒေသအတွင်း သတင်းအရင်းအမြစ် တွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ ဒေသတော်လှန်ရေးအဖွဲ့တွေက ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်လက်ကိုင်တုပ်တွေကို စာထုတ်ပြန်ပြီး သတိပေးခဲ့ပေမယ့် စစ်တပ်ကိုထောက်ပံ့ပေးတဲ့အလုပ်တွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခံရတဲ့သူ ၃၀ ဦး ထက်မနည်း ရှိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)