စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စကခ(၁၉) လက်အောက်ခံ ခမရ (၅၈၃)နဲ့ ခမရ (၅၉၁) တို့ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒုဗိုလ်တစ်ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီ၃၀ မိနစ်အချိန်မှာ ရေးမြို့နယ်အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခမရ (၅၈၃)နဲ့ ခမရ(၅၉၁)တို့ကို နယ်မြေခံပြည်သူ့ကာကွယ်ရတပ်ဖွဲ့တွေဘက်မှ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒုဗိုလ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ ရဲဘော် ၁ ဦး အပါအဝင် ရဲဘော်မိန်းမ ၁ ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။
“ဒုဗိုလ်တစ်ဦးရယ်၊ ဒုတပ်ကြပ်တစ်ဦးရယ်၊ ရဲဘော်တစ်ဦးရယ်၊ ရဲဘော်အမျိုးသမီးတစ်ဦးကျဆုံးတာ ၄ ယောက်ပေါ့နော် ပြင်းထန်ဒဏ်ရာရထားတာကတော့ ကျွန်တော်တို့သိထားတာ ၇ ယောက်လို့ သိထားတယ် နောက်ဆက်တွဲကတော့ ဆက်လက်စုံစမ်းနေဆဲပေါ့နော် လောလောဆယ်သိရတာကတော့ ၅၉၁ ကိုသိရတယ် ၅၈၃ ကတော့ဆက်စုံစမ်းဆဲပေါ့နော် အထိခိုက်ကတော့ များတယ်လို့တော့သိရတယ် အရေအတွက်ကမသိရသေးတဲ့အတွက်မထုတ်ပြန်သေးတာပါ” လို့ သူကပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေမှာ စစ်ကောင်စီရဲ့တပ်ရင်း ၂ ခုလုံးကို တစ်ချိန်ထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှလည်း အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အခုလိုပြန်လည်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိသလို ဒဏ်ရာရရှိသူတွေမှာလည်း အနီးအနားက တိုက်နယ်ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေရတယ်လို့သူကဆက်ပြောပါတယ်။
“ကျွန်တော်တို့ဘက်က ပစ်ခတ်ပြီးသိပ်မကြာဘူးပေါ့နော် သူတို့ဘက်ပြန်ပစ်တယ် သူတို့ဘက်က ပြောထားတာရှိလည်းဆိုတော့ သူတို့တပ်ကိုလာတိုက်ရင် ရွာထဲကိုပစ်ထည့်မယ်ဆိုပြီး သူတို့က တစ်ချိန်တုန်းက အသံလွှင့်ထားတာရှိတယ်ပေါ့နော် ဒါကလည်း ကျွန်တော်တို့သွားပစ်ပြီးမှ ပြည်သူတွေ ပြောတာသိရတာ ကျွန်တော်တို့သွားပစ်ပြီးသိပ်မကြာဘူး သူတို့ပြန်ပစ်တယ် ကျွန်တော်တို့ရှိတဲ့ ဘက်ကိုလည်းပြန်ပစ်တယ် ရွာထဲကိုပြန်ပစ်တာကတော့ ၆ ဦးထိခိုက်ဒဏ်ရာရတယ် ဆေးကုတာကတော့ ဒီနားမှာတိုက်နယ်ဆေးရုံတွေရှိတယ် ဆေးခန်းတွေရှိတယ်အဲ့မှာ တွေကုနေ တယ်လို့တော့သိရတယ်” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့တုန်းကလည်း ရေးမြို့နယ်အခြေစိုက် စကခ (၁၉)လက်အောက်ခံ ခလရ ၆၁ က စစ်ကောင်စီတပ်သားတွေကို ဒေါနစစ်ကြောင်းနဲ့အတူ နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်မှ လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
ရေးမြို့နယ်အခြေစိုက် စကခ ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်ရင်းတွေကို နယ်မြေခံတော်လှန်ရေး အင်အားစုတွေဘက်မှ မကြာခဏသွားရောက်တိုက်ခိုက်နေတာဖြစ်ပြီး အခုလက်လက်ရှိအချိန်မှာလည်း ရေးမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနဲ့ အမှတ် ၈ ပြည်ထောင်လမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ဒေါနစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)