စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ည ၇ နာရီလောက်မှာ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးခဲ့ပါတယ်။
အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က မြဝတီမြို့ထဲမှာ ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်နဲ့ ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူတွေကို ပစ်မိန့် ပေးထားတဲ့အကြောင်းကို ကားတစ်စီးနဲ့ လိုက်လံကြေညာပြောခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲမှာတော့ ည ၈ နာရီနောက်ပိုင်း မထွက်ဖို့ ကားတစ်စီးနဲ့လှည့်ပြီးတော့အော်သွားတယ်၊ ကျောက်လုံးကြီးဘက်ကိုတော့မသွားဘူး၊ မြို့ထဲမှာဘဲအော်သွားတာ၊ ညမထွက်ရဖို့နဲ့ ထွက်တဲ့လူတွေကို ပစ်မိန့်ပေးထားတယ်ဆိုပြီး အော်သွားတယ်” လို့ မြသတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် တိုက်ခိုက်ခံရတဲ့ မြဝတီမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်က တပ်အထိုင်ချထားပြီး ညဘက်တွေမှာ သေနတ်တွေရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မြဝတီမြို့အနီး လက်ခတ်တောင်မှာလည်း PDF တပ်ဖွဲ့ဝင်တွေတပ်စွဲထားတာ ၁ လ ကျော်ကြာနေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ညတိုင်းပစ်ခတ် နေတယ်လို့ မြဝတီမြို့ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းအစောပိုင်းမှာလည်း လက်ခတ်တောင်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်ကလေ ဗုံးကြဲတာ လေယာဥ်နဲ့ အစောကြီးသေးတယ်၊ ညဘက်ဆိုရင်လည်း အဲ့ဒီဘက်ကို ၂၇၅ ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာတွေရှိတယ်၊ အခုဆိုရင် မြို့ထဲမှာလည်း အသွားအလာ လုပ်တာနည်းနေတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း မြဝတီမြို့မှာ စစ်ကောင်စီတပ်က ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သေးတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)