စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုရှိ မြို့ဟောင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၈၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်မှာ ကမာဝက်ကနေ ခန့်မှန်းအင်အား ၂၀၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်းက မြို့ဟောင်းရွာကို စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာတွင်းက ဒေသခံ ၈၀၀ ဝန်းကျင်လောက်က အနီးအနားကျေးရွာတွေနဲ့ မုဒုံမြို့တွေဘက်မှာ သွားရောက်နေထိုင် နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ကမာဝက်ကနေဝင်လာတာ အင်အားတော့များတယ် မနေ့ကတည်းကရွာနားတိုးဝင်လာနေတယ် အထူးတပ်ဖွဲ့တွေတဲ့ သင်တန်းဆင်းကစ အသက်ငယ်ငယ်တွေ လွန်ခဲ့တဲ့ ၄ ရက် ကတည်းက ရွာနားတဖြည်း ဖြည်းတိုးလာကြတာ”လို့သူကပြောပါတယ်။
ဒါ့အပြင် အဲ့ဒီအင်အား၂၀၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မှာတော့ ကျိုက်ကမော့တောင်ပေါ်မှာ တပ်စွဲထားတယ်လို့ သူကဆက်ပြောပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တုန်းကလည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး အခုလိုစစ်ကြောင်းထိုးလာတာကြောင့် အနီးအနားကျေရွာက ဒေသခံတွေမှာ တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တယ်လို့ ပုလိန်ကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“မနေ့က မြို့ဟောင်းဘက်မှာတပ်စွဲတယ်တဲ့ ညီမတို့ရွာဘက်လည်းဝင်မယ်လို့ကြားသေးတယ် မနေ့ကတော့ ပစ်သံတွေကြားရသေးတယ် ရွာထဲကတစ်ချို့အိမ်တွေ အိမ်နားကလူတွေတော့ ကြိုပြေးနေကြပြီး”လို့သူကပြောပါတယ်။
ဒါ့အပြင် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုတွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာ ၂ လကျော်ကြာမြင့် နေပြီးဖြစ်ပြီး ညပိုင်းအချိန်မှသာအသုံးပြုခွင့်ရတယ်လို့ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့ကလည်း တံခွန်တိုင်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ခလရ – ၂၈၄ ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့နေတိုင်းနီပါး နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – cj
Phar Si Than (People’s Radio Myanmar)