စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က မြဝတီ ရဲစခန်းအနီးတစ်ဝိုက်မှာ တပ်အထိုင်ချထားပြီး အစစ်အဆေးတွေလည်း တင်းကြပ်ထားတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီလောက်က မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုဗိုလ်မှူးကြီး ဦးအောင်ကျော်မင်းအပါအဝင် အရာရှိ ၅ ဦး သေဆုံးခဲ့ပါတယ်။
အခုလို မြဝတီမြို့ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ရဲစခန်းအနီးတစ်ဝိုက်မှာ စစ်တပ်အထိုင်ချထားပြီး အစစ်အဆေးတွေလည်း တင်းကြပ်ထားတယ်လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု ရဲစခန်းအနားမှာ စစ်တပ်က တပ်အထိုင်ချထားတယ်၊ အဲ့ဒီနားမှာ သွားလာတဲ့လူအကုန်လုံးကို စစ်တာတွေ၊ စောင့်ကြည့်တာတွေလုပ်နေတယ်၊ ညဘက်ဆိုရင်လည်း အဲ့ဒီ လမ်းတစ်ဝိုက်ကို သွားလို့မရတော့ဘူး လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ည ၁၀ နာရီ ကျော်တာနဲ့ လက်ခတ်တောင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မြို့ထဲမှာလည်း သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ မြဝတီမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“မြဝတီမြို့ထဲမှာ နေ့ခင်းဘက်ဆိုရင်တော့ အရင်အတိုင်းပါဘဲ၊ ငြိမ်တယ်၊ ညဘက်ဆိုရင်တော့ လက်နက်ကြီးနဲ့ လက်ခတ်တောင်ဘက်ကိုပစ်တယ်၊ မြို့ထဲမှာလည်း သေနတ်တွေနဲ့ရမ်းပစ်တယ်၊ ညတိုင်းဘဲ” လို့ မြဝတီမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ အစပိုင်းလောက်ကစပြီး မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စွဲရာနေရာတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီလောက်ကလည်း မြဝတီမြို့အဝင် သင်္ဃန်းညီနောင် တပ်မစခန်းဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ် ၃ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)