Site icon People’s Radio Myanmar

“ထောက်ပို့တစ်ယောက်ရဲ့ရင်ဖွင့်သံ”

“ထောက်ပို့တစ်ယောက်ရဲ့ရင်ဖွင့်သံ”

ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို စစ်ကောင်စီက လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အခုချိန်ထိ အန်တီဟာ ကိုယ့်နိုင်ငံထဲမှာ ရှိမနေခဲ့ဘူး။ မိသားစုစားဝတ်နေရေးအတွက် အန်တီဟာ ပြည်ပကိုရောက်နေတာ နှစ် (၂၀) ကျော်ခဲ့ပြီး။

အာဏာရူးတွေသာ အာဏာမသိမ်းခဲ့ရင် အခုချိန်ဆို အန်တီတို့နိုင်ငံ ဘယ်လောက်တောင် တိုးတက်နေလိုက်မလဲ တွေးကြည့်လိုက်တိုင်း “ ဆဲရတာလဲအမောပဲ ……. မအလ နဲ့ အပေါင်းအပါတွေ အမြန်ဆုံးသေသွားဖို့ကိုပဲ” ဆုတောင်းတယ်။ “အဲ့အကောင်မပြုတ်မချင်း အန်တီမြန်မာပြည်မပြန်ဘူး” လို့ စိတ်ကိုဆုံးဖြတ်ထားတယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အန်တီ့အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲ အမြဲစဥ်းစားတယ်။ အန်တီ့အသက်က (၆၂) နှစ်ရှိနေပြီ။ အန်တီ့အသက်အရွယ်နဲ့ တောထဲက ကလေးတွေလို လက်နက်ကိုင်ပြီးတော့လည်း မတိုက်နိုင်တော့ဘူး။ အဲ့ဒီ့တော့ အလုပ်လုပ်ပြီး တော်လှန်ရေးအတွက် ထောက်ပို့လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။

အရင်တုန်းကတော့ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရတာပေါ့။ ရှိတဲ့သားသမီးတွေကလည်း အိမ်ထောင်ကျကုန်လို့ ကလေးတွေတောင်ရနေပြီဆိုတော့ အန်တီမိသားစုအတွက် စိတ်ပူစရာ မရှိတော့ဘူး။ အန်တီ့တစ်ကိုယ်ရေတကာယနေဖို့နဲ့ တော်လှန်ရေးအောင်ဖို့အတွက်ပဲ ရုန်းကန် ရတော့မယ့်အချိန်ရောက်လာပြီး။

ကျန်းမာရေးကောင်းနေသ၍ အလုပ်လုပ်နိုင်သ၍တော့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာကနေ ဆက်ရှိနေမယ်။ အဲ့ဒီလိုတွေ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နိုင်ဖို့ လက်ရှိမှာ အန်တီက စားသောက်ဆိုင်တခုမှာ စားပွဲထိုးလုပ်တယ်။ မီးဖိုချောင်ရဲ့ချက်ပြုတ်တဲ့နေရာမှာလည်း အကူအနေနဲ့ လုပ်တယ်။

စားသောက်ဆိုင်ဆိုတာက ညနေမှလုပ်ရတာလေ အဲ့ဒီတော့ မနက်ပိုင်းအားနေတဲ့အချိန်တွေဆိုရင် သူများအိမ်မှာ နာရီနဲ့မီးပူတိုက်တယ်။ အချိန်ပိုင်းသန့်ရှင်းရေးလုပ်တယ်။ အဲ့ဒီ့ကရတဲ့ပိုက်ဆံတွေနဲ့ ကိုယ်နဲ့နီးစပ်တဲ့သူတွေကနေတဆင့် တော်လှန်ရေးအတွက် တစ်လကို (ပေါင် ၃၀ ၊ ပေါင် ၅၀) အနည်းဆုံး ထောက်ပံ့ဖြစ်တယ်။

အန်တီက ကိတ်မုန့်လေးတွေလည်း လုပ်တတ်တော့ တစ်ခါတစ်လေမှာ ကိတ်မုန့်လေးတွေလုပ်ပြီးတော့ ရောင်းတယ်။ ကိတ်မုန့်တစ်လုံးကို အရင်းတွေနှုတ်လိုက်ရင် (၂ ပေါင်) လောက်တော့မြတ်တယ်။ အမြတ်အများကြီးမရပေမယ့်လည်း အဲ့တာလေးတွေကို တော်လှန်ရေးအတွက် သီးသန့်ဖယ်ထားတယ်။

လက်ရှိမှာ ကိုယ်လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေလည်းရှိနေတဲ့အချိန်၊ ကျန်းမာရေးကလည်းကောင်းနေတဲ့ အချိန်လေးကို ကိုယ့်နိုင်ငံကြီးကောင်းဖို့အတွက် နောက်ပြီးတော့ ဒီတော်လှန်ရေးကြီး အမြန်ဆုံးအောင်ဖို့ဆိုတဲ့စိတ်နဲ့ ကြိုးစားနေတယ်။

အလုပ်လုပ်ရတာ ပင်ပန်းတယ်ဆိုပေမယ့် လကုန်လို့ ထောက်ပို့ငွေတွေ ပေးတဲ့အချိန်မှာ အဲ့ဒီပင်ပန်းမှုတွေကပျောက်ပြီး ပီတိဖြစ်ရတဲ့ အခိုက်အတန့်လေးတွေက ဘာနဲ့မှလဲမရဘူး။ လိုနေတဲ့နေရာလေးတွေကို ရောက်သွားရင် ပျော်ရတဲ့အပျော်က နောက်တစ်လအတွက် အလုပ်လုပ်ဖို့ အားအင်တွေရနေတယ်လေ။

ကိုယ့်နိုင်ငံရဲ့အဝေးမှာရောက်နေပေမယ့် ကိုယ့်နိုင်ငံရဲ့သတင်းတွေကို အမြဲကြည့်တယ်။ စိတ်မကောင်းစရာသတင်းတွေတွေ့ရင် ငိုရတဲ့အခါတွေလည်းရှိတယ်။ အဲ့လိုတွေမြင်ရလေ “ငါ ဒီတော်လှန်ရေးအတွက် အလုပ်ပိုလုပ်ရမယ်ဆိုပြီး အံကြိတ်ခဲ့ရတဲ့ နေ့တွေလည်းမနည်းခဲ့ဘူး”။ သတင်းကောင်းတွေ ကြားရတဲ့အခါတွေဆိုရင်လည်း “တစ်နေကုန်ပေါ့ပါးလန်းဆန်းပြီး အလုပ်လုပ်ရတာ ပျော်နေရောပဲ”

အခုဖြစ်နေတဲ့ မြန်မာပြည်အခြေအနေကို ကြည့်ရမြင်ရကြားရတာတွေနဲ့ ပက်သက်ပြီး “စစ်ကောင်စီကို ဘယ်တော့မှမကျေနပ်ဘူး။ ကမ္ဘာလည်းမကျေဘူး”  သူတို့အနေနဲ့ ရွေးကောက်ပွဲတွေ ဘယ်လောက်လုပ်လုပ် ပြည်သူတယောက်အနေနဲ့ ဆန္ဒမဲလည်းပေးမှာ မဟုတ်ဘူး “စစ်ကောင်စီဘ ဘယ်တော့မှလည်းမနိုင်စေရဘူး” လို့ ကြွေးကြော်မိတယ်သိလား…

အန်တီတို့ “ပေးဆပ်လိုက်ရတဲ့အသက်တွေက  အလကားရတာမဟုတ်ဘူး တန်ဖိုးရှိတယ်။ အဲ့အတွက် စစ်အာဏာရှင်စနစ်ဟာလည်း ကျကို ကျဆုံးစေရမယ်”။ အဲ့ဒီအတွက်လည်း အားသွန်ခွန်စိုက်နဲ့ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်နေတဲ့အတွက် အာဏာရှင်ကျဆုံးခန်းကိုကြည့်ရဖို့ ထိုက်တန်တယ်လို့ အန်တီထင်တယ်။ ကြည့်ရဖို့လည်းအမြဲမျှော်လင့်နေတယ်။

နောက်ပြီးတော့ မတရားအဖမ်းဆီးခံ အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးနဲ့အတူ မတရား အဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွတ်ဖို့၊ ကျောင်းမတက်ရပဲတော်လှန်ရေးထဲ ရောက်လာတဲ့ကလေးတွေ ၊ စစ်ရှောင်နေရတဲ့ ကလေးတွေလည်း အမြန်ဆုံးကျောင်းပြန်တက်ရဖို့ ပညာဆက်သင်ရဖို့ ကိုယ်ယုံ ကြည်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ အမြဲဆုတောင်းနေတယ်။

ပြည်သူတယောက်အနေနဲ့ NUG၊ CRPH ကိုလည်း ထောက်ခံအားပေးတယ်။ ပြည်သူတွေအတွက် အားကိုးအားထားရတဲ့ အဖွဲ့အစည်းဖြစ်ဖို့၊  ပြည်သူလူထုကို စောင့်ရှောက်နိုင်တဲ့လူတွေဖြစ်စေဖို့နဲ့ အဖက်ဖက်ကနေ တော်လှန်ရေးအတွက် တာဝန်ကျေဖို့အတွက်လည်း မျှော်လင့်တယ်။ တာဝန် ကျေမယ်လို့လည်း ထင်တယ်။

ဒီတော်လှန်ရေးအတွက် ပြည်သူတွေရဲ့ သွေးနဲ့ချွေးနဲ့ရထားတဲ့ ထောက်ပံ့ပစ္စည်းတွေကိုလည်း အကျိုးရှိရှိ အသုံးချစေချင်တယ်။ ကိုယ်ကျိုးအတွက်မဟုတ်ပဲ တော်လှန်ရေးအကျိုးအတွက် အနစ်နာခံတဲ့သူတွေ ဖြစ်ပေးဖို့ ပြည်သူတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံတောင်းဆိုချင်တယ်။

အန်တီအမြင်ကိုပြောရရင် ၈၈ တုန်းကလူတွေဟာ အခုလိုမျိုး မစွန့်လွှတ်နိုင်ကြဘူး။ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် ကြောက်လန့်ပြီးနေကြရတာ။ အဲ့တုန်းက စစ်အာဏာရှင်ကိုမနိုင်ခဲ့လို့ အခုနွေဦး တော်လှန်ရေးဖြစ်လာရတာပဲ။ အခုနွေဦးတော်လှန်ရေးမှာက ကျောင်းသား၊ ကျောင်းသူတွေ ပြည်သူ ပြည်သားတွေက တခဲနက်နဲ့ နိုင်ငံကြီးကို ပြောင်းလဲစေချင်ကြတယ်၊ တိုးတက်စေချင်ကြတယ်။

အဲ့တာကြောင့်လည်း စစ်တပ်ရဲ့လက်နက်အားကိုးနဲ့ နိုင့်ထက်စီးနင်းလုပ်တာကို မလိုလားတဲ့အတွက် အားလုံးက ပံ့ပိုးပြီးတော့ ပါဝင်နေတဲ့အတွက် နွေဦးတော်လှန်ရေးဟာ ကွာခြားတယ်။ တော်လှန်ရေးမှာ အဖက်ဖက်ကနေ ပါဝင်နေတဲ့ အခုခေတ်ကလေးတွေဟာ အရမ်းပဲတော်ကြတယ်။ အဲ့ဒီအတွက် နွေဦးတော်လှန်ရေးကအောင်ကို အောင်မြင်မှာ ။

တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေကို အန်တီ့အနေနဲ့ တခုလောက်ပြောချင်တယ် တော်လှန်ရေးကာလ အချိန်ဘယ်လောက်ကြာကြာ “စိတ်ဓာတ်မကျဖို့နဲ့ လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ အားတင်းထားပါ” နောက်ပြီးတော့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ကလေးတွေအတွက်လည်း အန်တီတို့ အရမ်းပဲဂုဏ်ယူမိတယ်။ အဲ့တာကြောင့် ဆက်လက်ကြိုးစားတိုက်ပွဲဝင်ပေးဖို့ ညှိုးငယ်စွာနဲ့ပဲ တောင်းဆိုချင်တယ်။

အရေးတော်ပုံအမြန်ဆုံးအောင်မြင်ဖို့အတွက် အန်တီတို့ဟာ လိုအပ်တဲ့နေရာမှာ လိုအပ်သလို အားဖြည့်ဖို့အတွက် တတက်တအားနဲ့ကို အဆင့်သင့်အနေအထားနဲ့ ရှိနေပါတယ်။ အားလုံးအတူတကွ စည်းစည်းလုံးလုံးနဲ့သွားရင် နွေဦးတော်လှန်ရေးအောင်ဖို့ဆိုတာ အားလုံးရဲ့လက်တစ်ကမ်းမှာ ပန်းတိုင်က အဆင်သင့်ရှိနေပါတယ်။ “အရေးတော်ပုံ အောင်ရမည်”………

အန်တီအသက် (၆၂) နှစ်အရွယ်ဖြစ်နေတာတောင် အန်တီ ဒီတော်လှန်ရေးအတွက် စိတ်ဓာတ် မကျသွားဘူး။ အားလည်းမလျော့ထားဘူး။ တော်လှန်ရေးကြီးပြီးတဲ့အထိကို ထောက်ပို့အနေနဲ့ မရရတဲ့နည်းလမ်းကနေ ဆက်လုပ်နေဦးမှာ။ အန်တီလည်း အမြဲဒီစိတ်နဲ့ ကူညီထောက်ပို့နေသလို အန်တီ့လိုစိတ်ရှိတဲ့ သူတိုင်းလည်း အားမလျော့သွားပဲနဲ့ တော်လှန်ရေးအတွက် ဆက်ပြီးကူညီနေကြဖို့ ပြောချင်ပါတယ်။

Exit mobile version