စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ပလောက်မြို့မှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီတပ်က အချိန်ထပ်တိုးသတ်မှတ်လိုက်တဲ့အပြင် ပစ်မိန့်ပါပေးထားတယ်လို့ ပလောက်မြို့နယ် ဒေသခံတွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၄ နာရီလောက်မှာ ပျူစောထီး ၃ ယောက်က စစ်တပ်ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ပုလောမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ကားနဲ့ လိုက်လံကြော်ငြာနေတယ်လို့ ပလောက်မြို့နယ်ဒေခံတစ်ဦးက ပြောပါတယ်။
“ပျူစောထီးတွေ ယူနီဖောင်းဝတ်ပြီး လိုက်ကြော်ငြာတာ။ ဟိုက်ဂျက်ကားနဲ့ အထဲမှာ ပျူ ၃ ယောက်ပါတယ်။ လိုက်ကြော်ငြာတဲ့အချိန်က ညနေ ၄ နာရီလောက်မှာ။ အချိန်ကထပ်တိုးလိုက်တယ်။ ပြီးတော့ထွက်တဲ့သူကို ပစ်မိန့်ပါပေးထားတယ်” လို့ သူကအခုလိုပြောပါတယ်။
ပလောက်မြို့မှာ ယခင်က ညမထွက်ရအမိန့်ကို ည ၈ နာရီကနေ မနက် ၅ နာရီ သတ်မှတ်ထားရာကနေ ယခု ၂ နာရီတိုး သတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ပလောက်မြို့မှာရှိတဲ့ နန်းသီလာဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်မီးရှို့ခဲ့တာကြောင့် အခုလို ညမထွက်ရအမိန့်ကို အချိန်တိုးလိုက်ပြီး ပစ်မိန့်ပါပေးထားတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဟိုနေ့က နန်းသီလာမှာရှိတဲ့ ပျူဂိတ်မီးရှို့ခံရတယ်လေ။ ကြောက်ပြီး ကြော်ငြာချက်တွေထုတ်တာပါ။ ကျနော်သိသလောက် အဲ့နေ့က ပျူတွေမထိဘူးလို့ သိရတယ်။ ရွာသားတစ်ယောက်တော့ ကျည်ထိသွားတယ်” လို့ သူကပြောပြပါတယ်။
အခုလက်ရှိမှာတော့ အဆိုပါ စစ်တပ်ဂိတ်အနားမှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ပြောင်းရွှေ့ခိုင်းထားပြီး ဂိတ်ကိုတော့ မူလနေရာကနေ အရှေ့တိုးချထားကာ အဲ့ဒီဂိတ်ကို ညနေ ၃ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတော့ဘူးလို့ ပုလောက်မြို့ဒေသခံက ဆက်ပြောပါတယ်။
“နန်းသီလာဂိတ်ဝန်းကျင်မှာရှိတဲ့ အိမ်ကလူတွေကို စစ်တပ်က နေအိမ်ကနေ အကုန်ပြောင်းခိုင်းတယ်။ လောလောဆယ် အဲ့အနားမှာ လူမနေတော့ဘူး။ ဂိတ်ကို ရှေ့တိုးချပြီး ညနေ ၃ နာရီဆို ဘာယာဉ်မှ ဖြတ်လို့မရဘူး” လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ပုလောမြို့နယ်အတွင်း အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်နေသလို ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာနဲ့ ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့် ကန့်သတ်တာတွေကို ပြုလုပ်နေဆဲဖြစ်တယ်လို့ ဒေသအတွင်းသတင်းအရင်းအမြစ် တွေအရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)