စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်း-လှိုင်ကွယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
တောင်ကြာအင်းကျေးရွာနားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အခုလို တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၅၄၅ နဲ့ ၅၄၆ တပ်ဘက်က ကျုံဒိုးမြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကျုံဒိုးမြို့ဒေသခံတွေက ဆိုပါတယ်။
“တိုက်ပွဲက ညနေပိုင်းဖြစ်တာ၊ လေယာဥ်နဲ့တော့ ဖြတ်သွားတယ်၊ မပစ်သွားဘူး၊ တောင်ကြာအင်းနားမှာ ဖြစ်ကြတာ၊ မနေ့က တိုက်ပွဲဖြစ်ပြီးတော့ ကျုံဒိုးနားက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်” လို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သေနတ် ၁၀ လက်ကျော် ရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
“မနေ့က တောင်ကြာအင်းဘက်က တပ်ရင်း ၁၇ ဘက်က အဖွဲ့တွေ လှုပ်ရှားကြတယ်လို့ သိရတယ်၊ အဲ့ဒီကနေ လက်နက် ၁၀ လက်ကျော်ရရှိတယ်လို့ သိရတယ်၊ စကစ ဘက်က အကျအဆုံးရှိတယ်လို့ သိရတယ်”ျ လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ည ၇ နာရီလောက်ကလည်း တံတားဦးကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ချောင်းတောင်ကျေးရွာရှိ နေအိမ်တစ်လုံးနဲ့ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တစ်ဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်း တာတွေလုပ်ဆောင်နေတာကြောင့် ထိတွေ့တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားတာမျိုးမရှိသေးပေမဲ့ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လက်ရှိမှာတော့ ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားတာတော့ မရှိသေးဘူး၊ စစ်ကောင်စီ ဘက်ကလည်း အင်အားတိုးနေတယ်ဆိုတော့ အခြေအနေကို စောင့်ကြည့်နေရတယ်၊ ကျွန်တော်တို့ ဘက်ကလည်း တာဝန်ကျရာနေရာတွေမှာ အဆင်သင့်ရှိနေတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေပြီး အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သြဂုတ်လ တစ်လအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)