စက်တင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ကျေးရွာ ပြည်သူ့စစ်ဂိတ် တိုက်ခိုက်ခံခဲ့ရတာကြောင့် ပြည်သူ့စစ်တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့မနက် ၉ နာရီ ၃၀ မိနစ်အချိန်လောက်မှာ သင်္ဃန်းညီနောင်ကျေးရွာက ပြည်သူ့စစ်ဂိတ်ကို အမည်မသိအဖွဲ့တစ်ဖွဲ့ကနေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ် တပ်သား ၃ ဦးသေဆုံးခဲ့သလို လာရောက်ပစ်ခတ်တဲ့အဖွဲ့ဘက်ကလည်း ကားတစ်စီးကျန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ရဲစခန်းနားကပြည်သူ့စစ်ဂိတ်မှာ သေနတ်တွေနဲ့ပစ်နေကြတာ မနက်ကတည်း ရုတ်ရုတ်ရုတ်ရုတ်တော့ မြင်တယ် ပစ်တာကတော့ ၉ နာရီခွဲလောက်မှာ ဝင်ပစ်သွားတာ လာပစ်တဲ့ဖက်ကတော့ ကားကျန်ခဲ့တယ် ပြည်သူ့စစ်ဖက်ကတော့ ၃ ယောက်ကျတယ်”လို့သူကပြောပါတယ်။
အခုလို သင်္ဃန်းညီနောင်ကျေးရွာက ပြည်သူ့စစ်ဂိတ်ပစ်ခတ်ခံရပြီးနောက် လမ်းကိုခဏသာ ပိတ်ထားခဲ့ပေမဲ့ အခုအချိန်မှာတော့ ပုံမှန်အတိုင်းသွားလာနေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုကတော့သွားနေကြပါပြီး လမ်းကတော့ပြန်ဖွင့်သွားပါပြီး မနက်က သူတို့ပြည်သူ့စစ်တွေကို ကားနဲ့လာပစ်သွားတော့ အဲ့ကားကိုဓာတ်ပုံရိုက်ချင်လို့တဲ့ ခဏလမ်းပိတ်တာ အခုကတော့သွားနေ ကြပါပြီး သွားလို့ရပါပြီ” လို့ သူကပြောပါတယ်။
သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်လောက်မှာလည်း မြဝတီမြို့အဝင် သင်္ဃန်းညီ နောင်တပ်မ စစ်ဆေးရေးဂိတ် ဒရုန်နဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်လက်အောက်ခံ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပါသေးတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လနဲ့ အခုစက်တင်ဘာလအထိ မြို့နယ် တော်တော်များများမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီစစ်ကြောင်း ယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတွေဆက်ရှိနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ထိပ်ပိုင်းအရာရှိအပါအဝင် ၆ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ရဲစခန်းဝန်းအတွင်းက ရဲမိသားစုဝင်တွေမှာလည်း မြဝတီမြို့က အသိမိတ်ဆွေတွေနဲ့ ဆွေမျိုးတွေအိမ်မှာသွားရောက်နေထိုင်နေကြတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)