စက်တင်ဘာလ ၉ ရက်နေ့၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-တနင်္သာရီကားလမ်းပေါ်ရှိ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က မြိတ်-တနင်္သာရီကားလမ်းပေါ်ရှိ ကော့မပြင်းရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စက်တင်ဘာလ ၈ ရက်နေ့မှာ တနင်္သာရီမြို့ဝင်ဖြစ်တဲ့ ဇဝဲစစ်ဆေးရေးဂိတ်ကို စစ်တပ်က ကုန်တင်ကား၊ ခရီးသည်တင်ကား၊ ဆိုင်ကယ်တွေနဲ့ တခြားယာဉ်တွေကိုပါ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
“ ဟိုနေ့က သုံကြိမ်မိုင်းဆွဲခံလိုက်ရလို့ ပိတ်ချလိုက်တာဖြစ်မယ်။ ကားတွေသွားတာ စစ်သားတွေက ဖြတ်ခွင့်မပေးဘူးဆိုပြီးပြောလိုက်တယ်။ စက်ဘီးကအစ ဖြတ်ခွင့်မပေးဘူး။ ကားတွေဆိုင်ကယ်တွေဆို ပိုဆိုးပေါ့” လို့သူကအခုလိုပြောပါတယ်။
အဆိုပါ ဇဝဲစစ်ဆေးရေးဂိတ်က မြန်မာနိုင်ငံ အထက်ပိုင်းတစ်ခုလုံးရဲ့ ခရီးသည်ကား၊ ကုန်ကားတွေလာရင် အဓိကဖြတ်ကျော်ရတဲ့ ဝင်ပေါက်လည်း ဖြစ်ပါတယ်။ အဲ့ဒီ ဇဝဲစစ်ဆေးရေးဂိတ် ဖြတ်သန်းခွင့်ကို ပိတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံကပြောပါတယ်။
“ ပစ္စည်းတွေအကုန်လုံးက ဒီဂိတ်ကို ဖြတ်ပြီးမှ ဝင်ရတာလေ။ အခုက ဈေးဆိုင်ကယ်တောင်ပေးမဝင်ဘူး။ ဖြတ်သန်းခွင့်ပိတ်လိုက်တာနဲ့ ဈေးရောင်းသူတွေက ဈေးတင်ပြီးရောင်းတော့မှာလေ။ ဒီမှာတော်တော်များများက စစ်ရှောင်နေရတဲ့အချိန်ကများတော့ စီးပွားရေးအခြေအနေတွေက မကောင်းကြဘူးလေ။ အဓိကက ဆန်ဈေးက အရမ်းတက်လာမှာဘဲ ကြောက်တယ်” လို့ သူကအခုလို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စစ်တပ်တွေက အဆိုပါစစ်ဆေးရေးဂိတ်ကနေ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးသယ်ယူခွင့်ကို ပိတ်ထားခဲ့ပြီး တပတ်လောက်ကြာတဲ့အချိန်မှာ ဆန်၊ ဆီနဲ့ ဆေးဝါးတွေပြန်လည်သယ်ယူခွင့်ရပေမယ့် မနေ့ကဖြတ်သန်းခွင့် ထပ်ပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ အခုလို ဖြတ်သန်းခွင့် ပိတ်ဆို့ထားမှုကို ဘယ်နှရက်ပိတ်မယ်ဆိုတာကိုတော့ ကြော်ငြာထားတာမျိုးမရှိဘူးလို့ ဒေသခံက ပြောပါတယ်။
စစ်တပ်က အခုလို ရိက္ခာသယ်ယူခွင့်တွေပိတ်လိုက်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး မိုးတွင်းရာသီဖြစ်တာကြောင့် ရာသီတုပ်ကွေးနဲ့ နေရာထိုင်ခင်းတွေလည်း အခက်အခဲဖြစ်နေတယ်လို သိရပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲ အခြေအနေတွေကြောင့် တနင်္သာရီမြိုနယ်ရှိ ဘန်လောရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ သိမ်ခွန်းရွာ၊ အထက်ကွမ်းသီးတောရွာ၊ သဲဖြူရွာ၊ အမှတ်(၉)ရွာ၊ အမှတ်(၈) ရွာ စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို ဒေသကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ခုနစ်ကတည်းက အရှေ့တောနယ်အပြင် စစ်အုပ်ချုပ်ရေးဒေသတွေဖြစ်တဲ့ ပုလောမြိုနယ်နဲ့ တနင်္သာရီမြိုနယ်တွေကိုပါ ဆန်၊ဓာတ်ဆီ၊ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်တွေ ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ ရိက္ခာပြတ်လပ်မှုကို အမြဲကြုံတွေ့နေရတယ်လို စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)