စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီအဝင် သင်္ဃန်းညီနောင်တပ်မစစ်ဆေးရေးဂိတ်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ အစပိုင်းလောက်ကစပြီး ကရင်ပြည်နယ်ထဲက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို မကြာခဏ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခွဲလောက်ကလည်း မြဝတီမြို့အဝင် သင်္ဃန်းညီနောင်တပ်မ စစ်ဆေးရေးဂိတ်မှာ ဒရုန်းနဲဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ သင်္ဃန်းညီနောင်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေ ၆ နာရီခွဲလောက်မှာ ကြားရတယ်၊ အသံက တော်တော်ကျယ်တာ၊ အဲ့ဒီမှာ တစ်ယောက်သေတယ်၊ ဒဏ်ရာရတာ ၃၊ ၄ ယောက်လောက်ရှိတယ်၊ အဲ့လိုဖြစ်ပြီးတော့ သွားတာတွေ နည်းနည်း နည်းသွားတယ်” လို့ သူကပြောပါတယ်။
အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း လမ်းပိုင်းအတွင်း သွားလာတာတွေ အနည်းငယ်လျှော့သွားပေမဲ့ ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်းမှာ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ ရွာသစ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက်ပိုင်းကတော့ သွားလာတာက ပုံမှန်ပါဘဲ၊ ဒီသင်္ဃန်းညီနောင်ဘက်မှာက၊ ဟိုဘက် မြဝတီဘက်ကလာတဲ့ ကုန်သွယ်ရေးဇုန်ဘက်မှာတော့ အသွားအလာနည်းနည်းကြပ်နေတယ်” လို့ သူကပြောပါတယ်။
အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က စစ်သားတွေက သွားလာနေတဲ့ ကားတွေဆီကနေ ငွေကြေးအဆမတန် ကောက်ခံနေတဲ့ သင်္ဃန်းညီနောင်တပ်မစစ်ဆေးရေးဂိတ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီလောက်ကလည်း မြဝတီမြို့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)