စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ထားဝယ်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်ညှင်းပန်းနှိပ်စက်နေတဲ့ ထောင်အာဏာပိုင်တွေကို အရေးယူပေးဖို့ တော်လှန်ရေးအဖွဲ့တွေဆီ အကူအညီတောင်းခံတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ထားဝယ်ထောင်ရှိ နိုင်ကျဉ်းတွေက ပေးပို့လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
လက်ရှိ ထားဝယ်အကျဉ်းထောင်ကို အသစ်ရောက်ရှိလာတဲ့ စစ်တပ်အသွင်ပြောင်း ထောင်မှူးကြီး ဦးဉာဏ်လင်းအောင်နဲ့ ထောင်အရာရှိ ဦးအောင်ချိုဦးတို့က အကျဉ်းသားတွေအပေါ် စစ်တပ်အလိုကျ ရိုက်နှက်နှိပ်စက်တာနဲ့ ဖိနှိပ် နှိပ်ကွပ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားမျာ ကွန်ရက်ကတစ်ဆင့်ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။
စစ်တပ်အသွင်ပြောင်းထောင်အရာရှိ အောင်ချိုဦးက နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားပြီး ရိုက်နှက်နှိပ်စက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေက အဆိုပါ ထောင်အာဏာပိုင်တွေကို လိုအပ်သလိုအရေးယူပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပြပါတယ်။
“အခုရောက်လာတဲ့ ထောင်ပိုင်တွေက နိုင်ကျဉ်းတွေကို အဓိကထားနှိပ်စက်နေတာ။ အခုကထောင်ထဲမှာ အရင်ကရနေတဲ့ အကျဉ်းသားအခွင့်အရေးတွေ အကုန်ပိတ်ပင်တာ။ စောင်တွေက အစသိမ်းတာ။ အကုန်ပါဘဲဗျ။ သူတို့ကိုတခုခုလုပ်မှာဘဲကြောက်တယ်။ စစ်တပ်ကဟာတွေဆိုတော့ လက်ရဲဇာတ်ရဲ တွေလေ” လို့ သူက အခုလိုဆိုပါတယ်။
အခုလက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဝင်စာလာပို့တဲ့ စားစရာ၊ ပစ္စည်းတွေကို သိမ်းဆည်းလိုက်သလို ထောင်ဝင်စာပို့ခွင့်ကိုပါ ကန့်သတ်လိုက်ပြီး အကျဉ်းသားအခွင့်အရေးတွေဖြစ်တဲ့ စာပေရေးသားခွင့်နဲ့ ပန်းချီဆွဲခွင့်တွေ မပေးတော့ဘဲ စာရေးကိရိယာတွေကိုပါ သိမ်းဆည်းလိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားမျာကွန်ရက်က တစ်ဆင့်ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသား ထားပါတယ်။
ထောင်ဝင်စာပို့နေတဲ့ အကျဉ်းသားမိသားစုဝင်တစ်ဦးက “အထဲမှာသူတို့က အဲ့လိုခံနေရတာကြာပြီ။ သူတို့အခုလို စာပို့လိုက်တာကိုကြိုက်တယ်။ ဒါပေမဲ့ တချို့မိသားစုဝင်တွေတော့ အခုလို စာပို့လိုက်တာကြောင့် ဒီထက်ပိုနှိပ်စက်ခံရမှာကြောက်နေကြတယ်။ ကျမအနေနဲ့တော့ နဂိုကတည်းက သူတို့ကနှိပ်စက်ခံနေရတာလေ။ ထောင်ပိုင်တွေကို တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အရေးယူပေး စေချင်တယ်” လို့ သူကအခုလိုပြောပါတယ်။
ထားဝယ်အကျဉ်းထောင်ထဲ နယ်လုံဝန်ကြီးလာရောက်စစ်ဆေးပြီးတဲ့အချိန်ကစပြီး ထောင်ဝယ် အကျဉ်းထောင်ရှိ ဆေးမှူကြီးအပါအဝင် ထောင်ဝန်ထမ်း ၉ ဦးကို ထောင်ဒဏ် ၆ လကနေ ၁ နှစ်ခွဲအထိ အမိန့်ချမှတ်လိုက်တယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
အခုလက်ရှိ ထားဝယ်အကျဉ်းထောင်ထဲမှာ ထောင်မှူးဟောင်း ဦးအောင်ဖေ၊ ဒုထောင်မှူး ဦးသူရိန်ထွန်းအပါအဝင် အကျဉ်းသား ၆ ဦးထက်မနည်း မူးယစ်ပုဒ်မ အပါအဝင် တခြားသော ထောင်တွင်းပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ အကျဉ်းထောင်ဝင်းအတွင်းနေထိုင်သူက ဆိုပါတယ်။
ထားဝယ်အကျဉ်းထောင်ထဲမှာ ထောင်ဝန်ထမ်းအများအပြား ဖမ်းဆီးထောင်ချစစ်ဆေးခံရပြီးတဲ့နောက် လစ်ဟာနေတဲ့ ထောင်ဝန်ထမ်းနေရာတွေကို စစ်သားတွေက ယူနီဖောင်းပြောင်းလဲဝတ်ဆင်ထားပြီး တာဝန်ထမ်းဆောင်နေတယ်လို့ ထောင်ဝင်စာပို့နေတဲ့ လူတစ်ယောက်ရဲ့ ပြောဆိုချက်အရသိရပါတယ်။
ဖုန်းလက်ဝယ်တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်တွင်းအပြစ်ဒဏ်ချမှတ်ခံရတဲ့ သူတွေထဲမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချိုလည်း ပါဝင်တယ်လို အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးနဲ့ထောင်ကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ ကျော်ရှိတယ်လို့ DPPN ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)