စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အ.ထ.က(၁)မြဝတီကျောင်းအနီးကို စက်တာဘာလ ၅ ရက်နေ့က နေ့လည်ပိုင်းအချိန် ဒရုန်းလာရောက်ဝဲပျံတယ်ဆိုကာ ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတယ်လို့ ကျောင်းသားမိဘတွေထံမှသိရပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းအချိန်မှာတော့ ကျောင်းပိတ်တာမျိုးမရှိပေမဲ့ ပစ်ခတ်မှုတစ်စုံ တစ်ရာဖြစ်ခဲ့ရင် လမ်းပိတ်ဆို့တာ၊ ကျောင်းကြိုတဲ့အချိန်မှာလည်း ကျောင်းဝင်ပေါက် ထွက်ပေါက်တွေ ပိတ်ဆို့ပြီး ကလေးတွေကြိုလို့မရမှာကို စိုးရိမ်တာကြောင့် ကျောင်းမပို့ဆောင်တာဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
“မနေ့ကကျောင်းမှာ စစ်သားတွေအများကြီးရောက်လို့လေ ကလေးတွေကိုပေးမသွားတော့တာ စစ်သားတွေ လုံခြုံရေးယူတယ်ဖြစ်မှာပေါ့ ကျောင်းမှာလေ မနေ့က ဒရုန်းလာတယ်လို့တော့ အိမ်ကသမီးတော့ပြောတယ် တစ်ခုခုဆိုချက်ချင်းလည်းကြိုမရဘူး ကားလမ်းကပိတ်မှာနဲ့ ဘာနဲ့ နောက်ကိုယ့်ကလေးတွေက ထွက်ပေါက်ပိတ်နေမယ်” လို့ သူကပြောပါတယ်။
ဒရုန်းလာရောက်ဝဲပျံတာမျိုးကိုမသိရှိရပေမဲ့ ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားကာ မြဝတီမြို့မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရင်လည်း မိဘတွေသွားခေါ်တဲ့အခါ ပြန်မလွှတ်ပေးတာမျိုးတွေ ရှိခဲ့ဖူးတာကြောင့် ကျောင်းမပို့တာဖြစ်တယ်လို့ မြဝတီမြို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“မနေ့ကတူမလေးကျောင်းဆင်းတော့ ကျောင်းမှာစစ်တပ်ဘက်ကအစောင့်တွေရှိနေတယ်ပြောတယ် ဒီမနက်ကျောင်းသားတွေကျောင်းမတက်ကြဘူး ကျောင်းကတော့ဖွင့်တယ် အထဲမှာ ဘာကိစ္စဖြစ်နေလည်းတော့မသိဘူး ဒီမနက် ကလေးကိုကျောင်းမပို့ဘူး ရုတ်ရုတ်သဲသဲဖြစ်ရင် ကျောင်းကပေးမထွက်ဘူးလေ မိဘတွေသွားခေါ်ရင် စိတ်ပူရတယ် ဒီမှာကအခြေနေမငြိမ်ဘူး” လို့ သူကပြောပါတယ်။
အခုလိုကျောင်းဝင်းအတွင်းလုံခြုံရေးတိုးမြှင့်ထားတာဟာ ဒရုန်းလာမှာကိုစိုးရိမ်တာကြောင့်ဖြစ်ပြီး ဒီနေ့ စက်တက်ဘာလ ၆ ရက်နေ့မနက်ပိုင်းမှာလည်း ကျောင်းတက်တဲ့သူ မရှိသလောက်နည်းပါးတယ်လို့ ကျောင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မိသားစုဝင်အပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးအနီးနေထိုင်သူတွေပါ ဘေးလွတ်ရာကို ပြောင်းရွှေ့ နေထိုင်ပေးကြဖို့ Federal Wings ဒရုန်းအဖွဲ့မှထုတ်ပြန်ထားပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ မြဝတီမြို့ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေအပါအဝင် ၆ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာ လတ်တလော ဇူလိုင်လ၊ သြဂုတ်လနဲ့ အခုစက်တင်ဘာလအထိ မြို့နယ်တော်တော်များများမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)