စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ တောင်ငူ-သံတောင်လမ်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ သံတောင်မြို့ဒေသခံတွေက ပြောပါတယ်။
သံတောင်မြို့နဲ့ ပျားစခန်းကျေးရွာတွေဘက်ကို သံတောင် ၇ မိုင်စစ်စခန်း၊ စစ်ကောင်စီတပ် လက်အောက်ခံ ထိုးဘိုကြီးစခန်းနဲ့ လိပ်သိုလ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာပါ။
အခုလိုပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ် ၇ မိုင်စစ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပျားစခန်းကျေးရွာကနေ ရွားကြီးကို သွားတဲ့လမ်းပေါ်မှာရှိတဲ့ နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ဒေသခံနှစ်ဦးမစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးကတော့ လိပ်သိုလ်စစ်တပ်ဘက်ကပစ်တာတွေရှိတယ်၊ သူတို့က မသင်္ကာတဲ့ ဘက်တွေကို လက်နက်ကြီးနဲ့ပစ်တာ၊ မနေ့ကလည်း ပျားစခန်းကျေးရွာဘက်ကိုပစ်တာ၊ နေအိမ်ပေါ်ကို ကျတယ်၊ ကလေးနဲ့ လူကြီးတစ်ယောက်သေတယ်၊ ၂ ယောက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သံတောင်မြို့နဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ လလယ်ပိုင်းလောက်ကစပြီး သံတောင်မြို့နဲ့ လိပ်သိုလ်မြို့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိသလို သံတောင်မြို့အနီးတစ်ဝိုက်ကို လည်း စစ်ကြောင်းထိုးတာတွေလည်းရှိတယ်လို့ ပျားစခန်းကျေးရွာက ဒေသခံတစ်ဦးက ဆိုပါတယ်။
“လိပ်သိုလ်အနီး ရွာတွေက နဂိုစစ်ရှောင်ကြတာ ကြာပါပြီး အခြေအနေနည်းနည်းကောင်းရင် ရွာပြန် နေကြပါတယ် ပစ်ခတ်တာထပ်ဖြစ်ရက် ပြေးရပြန်တယ်၊ စစ်ကြောင်းတွေများလို့ကျွန်မတို့ ဒေသနယ်ပယ်ကလည်း ကျဉ်းသလို ဂိတ်တွေကများတော့ ရွာတွေနာမည်ဖော်ပြလို့မရတာပါ” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုလို လက်နက်ကြီးနဲ့ပစ်ခတ်နေတာတွေကြောင့် သံတောင်မြို့မြောက်ဘက်မှာရှိတဲ့ ကျေးရွာ ၂ ရွာက ဒေသခံ ၂၅၀ ကျော်လောက်ဟာ ဘေးလွတ်ရာ ဥယျာဥ်ခြံမြေတွေဘက်မှာ စစ်ဘေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် မှုတွေကြောင့် ပျားစခန်းကျေးရွာက ဒေသခံ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်း မြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း -ကိုဖြိုး
ဓာတ်ပုံ – Thandaung Mupoe
Phar Si Than (People’s Radio Myanmar)