စက်တင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စမ်လှမ်းရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို Dawei Defense Team နဲ့ Guerrilla Dawei တို့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ DDT အဖွဲ့တာဝန်ရှိသူရဲ့ ပြောပြချက်အရသိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးအဖွဲ့ဝင်မှာ ဦးစံရွှေဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့၊ နေ့လည် ၂ နာရီလောက်မှာ ဦးစံရွှေက လောင်းလုံမြို့မ ရဲစခန်းမှူးနဲ့ သွားရောက်တွေ့ဆုံပြီး နေအိမ်ကိုပြန်လာတဲ့ လမ်းမှာ ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ DDT အဖွဲ့ရဲ့တာဝန်ရှိသူက ဆိုပါတယ်။
“ကျနော်တို့ ပစ်လိုက်တဲ့နေရာမှာဘဲ ပွဲချင်းပြီးသေသွားတယ်။ ရင်ဘတ်မှာထိတာ။ ကျန်တာတော့ ကျနော်တို့လည်း ခန္ဓာကိုယ်ကို သေချာစစ်ဆေးချိန်မရလို့ အသေးစိတ်မကြည့်ခဲ့ရဘူး” လို့ သူက အခုလိုပြောပါတယ်။
စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဦးစံရွှေကို ပစ်ခတ်တဲ့အချိန် စစ်တပ်တွေနဲ့ အဆက်အသွယ်လုပ်ထားတဲ့ အချက်အလက်တွေပါတဲ့ ဖုန်း ၁ လုံး၊ တံဆိပ်တုံးနှစ်ခုနဲ့ ရုံးစာရွက် စာတမ်းတွေကို သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။
ပျူစောထီးအဖွဲ့ဝင် ဦးစံရွှေက စစ်ကောင်စီတပ်တွေ လောင်းလုံမြို့နယ်ကရွာတွေဘက်ကို စစ်ကြောင်းထိုးတဲ့အချိန် ကိုယ်တိုင်သေနတ်ကိုင်ဆောင်ကာ ရှေ့ဆောင်လမ်းပြ လုပ်ပေးလေ့ရှိပြီး ငါဖမ်းစက်လှေတွေဆီကလည်း စက်ကြေးကောက်ခံတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဟိုတလောက စမ်းလှမ်း၊ တီဇစ်ဘက်ကို စစ်ကြောင်းထိုးတုန်းက သူကိုယ်တိုင်သေနတ်ကိုင်ပြီး လမ်းပြပေးတာ။ အမြဲတမ်းစစ်ကြောင်းတွေမှာ အရှေ့ကပါတယ်။ သူက စမ်းလှမ်း ပျူစောထီးခေါင်းဆောင် အောင်ခင်တပည့်။ အောင်ခင်က သေနတ်ကျည်မတိုးဘူး။ စံရွှေရော အောင်ခင်က တရွာလုံးရဲ့ချဉ်ဖက်ပေါ့။ လှေသမားတွေမှာလည်း ပိုက်ဆံတောင်းတယ်” လို့ သူကပြောပြပါတယ်။
အခုလို ရှင်းလင်းပစ်ခတ်မှုမပြုလုပ်ခင် ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကောင်စီကို ထောက်ပံ့ပေး တာတွေ မလုပ်ဆောင်ဖို့ သတိပေးစာပို့ခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ရှင်းလင်း ပစ်ခတ်လိုက်ရတာဖြစ်တယ်လို့ DDT အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အခုလက်ရှိ လောင်းလုံမြို့နယ်၊ စမ်းလှမ်းရွာမှာရှိတဲ့ လက်ခတ်တောင်ပေါ်မှာ တပ်စွဲထားတဲ့ ပျူစောထီးခေါင်းဆောင် အောင်ခင်အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး ယူနီဖောင်းအပြည့်စုံ ဝတ်ဆင်ကာ စမ်းလှမ်းကျေးရွာထဲကိုရောက်ရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း Dawei Defense Team နဲ့ Guerrilla Dawei အဖွဲ့တွေက စမ်းလှမ်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ဦးအောင်ခင် ရဲ့နေအိမ်ကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)