စက်တင်ဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် လက်ခတ်တောင်ပေါ်က ဘုရားစေတီနဲ့ သာသနိကအဆောက်အအုံအများအပြား ထိခိုက်ပျက်စီးနေတယ်လို့ ကျားသစ်နက် စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြဝတီမြို့အနီး လက်ခတ်တောင်ကို KNLA ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ထားတာ ၁ လကျော်ကြာနေပြီးဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ ၁၀ ကြိမ်ထက်မနည်းရှိနေပြီး ဖြစ်ပါတယ်။
လက်ရှိအချိန် လက်ခတ်တောင်အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတာ ရက် ၂၀ နီးပါးရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် လက်ခတ်တောင်ပေါ်ရှိ ဘုရားစေတီတွေနဲ့ သာသနိကအဆောက်အအုံံတွေ အများအပြားထိခိုက်ပျက်စီးနေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စေတီပုထိုးတွေပျက်စီးတာကို အရေအတွက်ရပြောမယ်ဆိုရင် မရေတွက်နိုင်တော့ဘူးပေါ့နော်၊ ကျောင်းကန်တွေလည်းပါတယ်၊ သိမ်တွေလည်းပါတယ်၊ ဘုရားစေတီပုထိုးတွေလည်း များစွာဘဲပေါ့နော်၊ အခုဆိုရင် လေကြောင်းကနေတိုက်ခိုက်တာလည်း ဒီစေတီပုထိုးတွေမှာ တပ်စွဲထားမယ်ဆိုတဲ့အထင်နဲ့ သူတို့ ပစ်တယ်ပေါ့နော်၊ ဒီဘက်မှာဆိုရင်လည်း သူတို့ခုတုန်းလုပ် တည်ဆောက်ထားတဲ့ ဟာတွေပေါ့နော်” လို့ သူကပြောပါတယ်။
အရင်က စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်စွဲထားတဲ့လက်ခတ်တောင်မှာ စစ်ကောင်စီတပ်က ဘုရားစေတီပုထိုးတွေကို ခုတုန်းလုပ်တည်ဆောက်ထားပြီး အခုချိန်မှာ ပြန်ပြီးဖျက်ဆီးတာတွေကို လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
သူက “လက်ခတ်တောင်နဲ့ ပတ်သတ်ပြီးတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိတယ်၊ လက်နက်ကြီးတွေ၊ ဟောက်ဝစ်ဇာ ရှော့တိုက်အမျိုးအစားတွေနဲ့ တောက်လျှောက်ပစ်နေတာ ရှိတယ်ပေါ့နော်၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေနဲ့ စေတီပုထိုးတွေကို သူတို့အနေနဲ့ ခုတုန်းလုပ်ပြီးတော့ တည်ဆောက်ထားတာတွေရှိတယ်၊ သူတို့ဘဲတည်ဆောက်တယ်၊ သူတို့ဘဲ ပြန်ဖျက်ဆီးတယ်ပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီလောက်တုန်းကလည်း စစ်ကောင်စီတပ်က Jet fighter လေယာဥ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေက ဆိုပါတယ်။
“လေယာဥ်နဲ့ပစ်ချတာ၊ ပထမတစ်လုံး အိမ်ပါတုန်တယ်၊ ပြီးတော့ ခဏဝဲပျံနေတယ်၊ နောက် ၅ မိနစ်လောက်ကြာတော့ နောက်တစ်စီးလာပြီးတော့ ၂ လုံးပစ်ချတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ခတ်တောင်ပေါ်ရှိ သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်တာမျိုးမရှိဘူးလို့ ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင်နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းနဲ့တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ့နေအိမ်တွေ၊ သာသနိအဆောက်အအုံတွေ ပျက်စီးတာတွေရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Black Panther Column-P29905
Phar Si Than (People’s Radio Myanmar)