စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ရဲစခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းအပါအဝင် ၅ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီမြို့ ဒေသခံတွေဆီက သိရပါတယ်။
မြဝတီမြို့မရဲစခန်းရှေ့မှာ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတဲ့အချိန်မှာ အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာပါ။
အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မြဝတီရှေ့တန်း ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး ဦးအောင်ကျော်မင်းအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
“ရဲစခန်းထဲကိုကြဲတာ၊ ရဲစခန်းထဲကို ၂ လုံးကျတယ်၊ ခရက ရုံးထဲကို ၂ လုံးကျတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သူ့နောက်လိုက် ၂ ယောက်သေတယ်၊ အလုံးပေါင်း ၅ ယောက်သေတယ်၊ ၁၃ ယောက် ဒဏ်ရာရတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် မြဝတီရှေ့တန်းမှူး ရှေ့တန်းရုံး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ်အရာရှိ ဦးထွန်းထွန်းလင်း၊ ခရိုင်ထွေအုပ်စာရေး ဦးပြည့်ဖြိုးအောင်နဲ့ ယာဥ်ထိန်းရဲအုပ် နေလင်းစိုးတို့သေဆုံးခဲ့တယ်လို့သိရပါတယ်။
အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကို Cobra Column နဲ့ Fedral Wings ဒရုန်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှာ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိဘူးလို့ Cobra Column မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“Cobra က federal wings အဖွဲ့သားတွေ ပထမ နှစ်လုံး နောက်နှစ်လုံးက ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် ရဲစခန်းဝန်းအတွင်း နေထိုင်ကြသူတွေမှာ ပြောင်းရွှေ့နေထိုင်ကြတာမျိုးမရှိပေမဲ့ လုံခြုံရေး အင်အားတော့ တိုးမြှင့်ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“စခန်းမှာပုံအတိုင်းပဲနေနေကြတယ် လုံခြုံရေးတော့နည်းနည်းတင်းကြပ်ထားတယ် စစ်သားတွေတော့ မစောင့်ဘူး ရဲတွေစောင့်တာ ပျက်စီးတဲ့နေရာတွေ့တော့မသိရဘူး ပေးမကြည့်ဘူး သူတို့လူကြီးတွေပဲ သွားလို့ရတယ်” လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်ထဲမှာ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်တာတွေလည်းရှိသလို စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းကလည်း မြဝတီမြို့ခရိုင်ပြည်သူ့ဆေးရုံမှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆေးရုံထဲက အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)