စက်တင်ဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်မြို့နဲ့ လိပ်သိုလ်မြို့တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတောင်မြို့အနီးတစ်ဝိုက်ကို လိပ်သိုလ်မြို့မှာရှိတဲ့စစ်ကောင်စီတပ်နဲ့ ထိုးဘိုစစ်စခန်းတွေကနေ ပြီးခဲ့တဲ့ သြဂုတ်လ လလယ်ပိုင်းလောက်ကစပြီး လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာပါ။
အခုလို လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာကြောင့် သံတောင်မြို့၊ ရပ်ကွက် ၁ ထဲက နေအိမ် ၁၀ လုံးနီးပါး ထိခိုက်ပျက်စီးနေတယ်လို့ သံတောင်မြို့ဒေသခံတွေက ဆိုပါတယ်။
“ညဘက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လက်နက်ကြီးက လိပ်သိုလ်စစ်တပ်ကပစ်ခတ်တာရှိတယ် သူတို့မသင်္ကာတဲ့ နေရာတွေဆို လက်နက်ကြီးနဲ့ပစ်ကြတာ၊ သံမိုးတောင်ဘက်အနီးက ထိုးဘိုစစ်စခန်းလည်းထိုနည်းပဲ၊ အခုဆို သံတောင်မြို့ထဲမှာ အိမ် ၁၀ လုံးလောက် ပျက်စီးသွားပြီး” လို့ သံတောင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် သံတောင်မြို့မြောက်ဘက်မှာရှိတဲ့ ကျေးရွာ ၂ ရွာက ဒေသခံ ၂၄၇ ဦး ဘေးလွတ်ရာ ဥယျာဥ်ခြံမြေတွေမှာ စစ်ဘေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနဲ့အစားအသောက် မလုံလောက်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ကူညီ နေသူတစ်ဦးက ပြောပါတယ်။
“ညီမတို့ဘက်က ဘယ်အဖွဲ့အစည်းမှ လာမကူပါဘူး မိခင်ဘာသာရေးအသင်းတော်တွေပဲ တတ်နိုင်တဲ့ ဘက်ကကူတာပါ၊ WFP အဖွဲ့က တောင်ငူမှာစစ်ရှောင်လာသူတွေကိုတော့ ၂ ကြိမ်ထောက်ပံ့ဖြစ်ခဲ့တယ်၊ အားလုံးမရပါဘူး၊ ရတဲ့မိသားစုကရတယ်၊ မရတဲ့မိသားစုကမရဘူး” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် စစ်ဘေးရှောင်နေသူတွေမှာ ကလေးဦးရေ ၁၃၇ ယောက်၊ အသက် ၆၅ နှစ်ကျော်အရွယ် ၆၈ ယောက်နဲ့ သက်လတ်ပိုင်းအရွယ် ၅၀ ဦးနီးပါးရှိနေပြီး ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးနဲ့ သံတောင်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ်တွေ မကြာခဏ ထိခိုက်ပျက်စီးနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ သတင်းအရင်းမြစ်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)