စက်တာဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့က စစ်ကောင်စီတပ်ရဲ့ ခလရ- ၃၂ ကိုလာတဲ့ Mi 35 ရဟတ်ယာဥ် ၂ စီးကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ ကြာအင်းဆိပ်ကြီးမြို့က ခလရ ၃၂ တပ်ကို လစာနဲ့ ရိက္ခါလက်နက်ခဲရမ်းတွေ လာရောက်ပို့ဆောင်တဲ့ Mi 35 ရဟတ်ယာဥ် ၂ စီးကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“မနေ့က နေ့လည် ဆိပ်ကြီးမှာရဟတ်အဆင်းကိုပစ်တာ၊ ဒရုန်းနဲ့ဆော်တာလွတ်သွားတယ် ညပိုင်းဒရုန်းနဲ့တစ်လုံးချတယ် လေယာဥ်ကဗျူဟာမှူးနဲ့ လစာငွေလာချတာမဆင်းရဲပဲပျံပြေး” လို့ သူကပြောပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ဆိပ်ကြီး ၃၂ တပ်မှာ လေယာဥ် ၂ စီးဝဲတာကို ဒရုန်းနဲ့ပစ်တာ တစ်စီးတော့ပြန်သွားတယ် နောက်တစ်စီးကတော့ဝဲနေတာပေါ့”လို့သူပြောပါတယ်။
ကြာအင်းဆိပ်ကြီးက စစ်ကောင်စီတပ်လက်အောက်ခံ ရဲစခန်းကို နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဒရုန်းနဲ့လာရောက် တိုက်ခိုက်ချိန်နဲ့ Mi 35 ရဟတ်ယာဥ် ၂ စီး ရိက္ခါလာပို့ချိန် ဆုံသွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“မနက် ၁၁ နာရီမှာ ရဲစခန်းကိုဒရုန်းချတဲ့အချိန်နဲ့ဆုံသွားတာ ဒရုန်းကတော့ ၂ လုံးပဲကြဲသွားတာ ထိခိုက်သေဆုံးတာတော့မကြားမိသေးဘူး လေယာဥ်ကတော့ ၂ စီးလာတယ် ပြန်မပစ်ဘူး ရဟတ် ၂ စီးကလည်း ရိက္ခါလာပို့တယ်ပြောတယ်”လို့ သူကပြောပါတယ်။
နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ဗျူဟာတပ်မကနေ လက်နက်ကြီး ၁၀ လုံးလောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်လက်အာက်ခံ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ စည်ပင်ရုံး၊ စာရင်းစစ်ရုံး၊ စိုက်ပျိုးမွေးမြူရေးဘဏ်နဲ့ သမဝါယမရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခုလိုမကြာခဏတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေမှာ ရုံးဝန်းအတွင်းမနေရဲကြပဲ နီးစပ်ရာဆွေမျိုးတွေဆီမှာသွားရောက်နေထိုင်နေကြတယ်လို့သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့မှာလည်း ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ဘက်မှပစ်ခတ်နေပြီး မြို့တွင်း မြို့ပြင်အဝင်အထွက်တွေမှာလည်း စစ်ဆေးတာတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေတိုင်းနီပါး နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s radio Myanmar)