စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ မနက် ၄ နာရီ ၂၈ မိနစ်အချိန်မှာ ရေတာရှည်မြို့နယ် အောက်ပိုင်းရွာအနီး စစ်ကောင်စီတပ်နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အောက်ပိုင်းကျေးရွာက ဦးဝင်းအောင်နဲ့ ဇနီးဖြစ်သူ ဒေါ်မီးမီးတို့ နှစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“စကစ တပ်ရင်းတပ်မတော့အတိကျမသိရပါဘူး သူ့တို့ပစ်လိုက်တဲ့လက်နက်ကြီးက ဒီမြို့အောက်ပိုင်း ကျေးရွာအတွင်း ကျသွားလို့ ပြည်သူနှစ်ဦးကိုထိမှန်သွားတာပါ အသက်တွေကတော့ ခန့်မှန်း ၅၅ /၆၀ ကြားလောက်ပေါ့” လို့ သူကပြောပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းအချိန်မှာ ကင်းလင်းဆိပ်ရွာနီးအနားကို Mi 35 ရဟက်ယာဥ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စည်ပိုင်ရွာအတွင်းကိုလည်း စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းက နေအိမ် ၃ လုံး လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက်အစောပိုင်းမှစတင်ကာ နေ့လည် ၁၂ နာရီ ၃၀ အချိန်ထိကို ရေတာရှည်မြို့နယ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ငါးလုံးလောက်ရှိပြီ ပစ်နေတာ ရေတာရှည် ဘက်ကပစ်နေတာပါ မနက်ပိုင်းက စပစ်တာပဲ ၃ လုံး အခု မိနစ်၂၀ လောက်က ၂ လုံး ၅ လုံးရှိပြီး မနေ့ကစစ်တောင်းမြစ်အရှေ့ခြမ်းမှာရှိတဲ့ စည်ပိုင်းရွာရဲ့ အနောက်ဘက်ဘေးကိုကျတယ် ရှမ်းစုရွာ မြောက်ဘက်ဘေးကိုကျတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် ရေတာရှည်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို ခမရ- ၁၉ ဆွာနဲ့ ခလရ ၈၄ ဆွာတို့ကနေ နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် နေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲမှာကို စိုးရိမ်မိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်တုန်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရေတာရှည်မြို့နယ် နဂျပ်ကျေးရွာက အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းနဲ့ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အခုလိုစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် သြဂုတ်လ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကို ပဲခူးတိုင်းအတွင်းက အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးအသားအစည်းရုံး သတင်းနဲ့ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)