စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အထွက်မှာရှိတဲ့ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်အနားမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တံတားပေါ်မှာ စစ်သားတွေက လမ်းသွားလမ်းလာတွေကို အစစ်အဆေး တင်းကြပ်နေတယ်လို့ ပေါက်တိုင်းတံတားအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့၊ ညနေ ၄ နာရီခွဲလောက်မှာ ပေါက်တိုင်းတံတားအနီး ပေါက်ကွဲသံနဲ့ နှစ်ဖက်ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီး အဆိုပါတံတားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကျောက်ရပ်ရွာမှာလည်း မီးခိုးတွေထွက်ပေါ်နေခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပစ်သံတွေအရင်ကြားရတယ်။ ပစ်ခတ်ချိန်ကတော့ ခဏလေးဘဲကြာတယ်။ ပြီးမှ ရွာလယ်ဇရပ်နား ကနေ မီးခိုးတွေထွက်လာတာ။ အဲ့နားမှာက ပျူစောထီးအိမ်ရှိတယ်လေ။ ပျူစောထီးအိမ်ကို လာပစ်တာ” လို့ သူကအခုလိုပြောပါတယ်။
မီးရှို့ခံရတဲ့ ပျူစောထီးအိမ်က အမြဲတမ်းလိုလို စစ်ဆေးရေးဂိတ်ချကာ ပြည်သူတွေကို စစ်ဆေးတာနဲ့ ဖမ်းဆီးတာမျိုးတွေလုပ်ဆောင်နေတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်မီးရှို့ခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကျောက်ရပ်ရွာက ဇင်ဇင်ရေခဲမုန့်အိမ်လေ။ သူ့တို့က အိမ်ရှေ့မှာ ဂိတ်တွေလည်းချတယ်။ ပျူစောထီး စစ်ဆေးရေးဂိတ်လိုလိုတွေလုပ်တယ်။ ပျူစောထီးတွေက အဲ့မှာအမြဲတမ်းရှိတယ်။ အဲ့ကြောင့် ဝင်တိုက်တယ်လို့ထင်တယ်” လို့ သူကပြောပြပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပျူစောထီးရဲ့ နေအိမ်မီးလောင်ပျက်စီးသွားပြီး ပျူစောထီးတွေဘက်က ထိခိုက်မှုရှိတယ်လို့သိရပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်နဲ့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင် သေးပါဘူး။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “ထိခိုက်မှုရှိတယ်လို့ သိရတယ်။ သေဆုံးနဲ့ ဒဏ်ရာရ ဘယ်လောက် ရှိတယ်ဆိုတာ တိကျမသိရဘူး။ အိမ်ကတော့ မီးလောင်သွာတယ်” လို့ သူကဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း ပေါက်တိုင်းတံတားဂိတ်က စစ်ကောင်စီတပ်သားတွေကလည်း ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်။ အဲ့ဒီနောက် စစ်သားတွေက တံတားကို အဝင်၊ အထွက် ဂိတ်တွေပါ ပိတ်ချလိုက်ပြီး ထားဝယ်မြို့ပေါ်က မီးသတ်ကား ၂စီး နဲ့ မြေတင်ကား ၁ စီး၊ Vigo ၁ စီး အင်အား ၃၀ ခန့်လောက်နဲ့ ပေါက်တိုင်းရွာဘက်ကို ထွက်ခွာသွားတယ်လို့ ထားဝယ်မြို့ပေါ်က မျက်မြင်တွေ့တဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ညနေ ၆ နာရီအထိ ပေါက်တိုင်းတံတားမှာ စစ်သားတွေက လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို အတင်းအကြပ်စစ်ဆေးနေပြီး အခုလက်ရှိ အချိန်ထိလည်း စစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)