စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ၊ တနင်္သာရီမြို့နယ်မှာ ရိက္ခာပို့ဖို့လာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင်လောက် ဘန်ကျုတ်ရွာမှာ စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဘန်ကျုတ်ရွာက သမီးလှကျေးရွာအနောက်ဘက်က။ ပစ်ခတ်တဲ့အချိန်တော့ ကြာတယ်။ မနေ့ကဖြစ်တဲ့ အထဲ လက်နက်ကြီးထုတော့ ညနေပိုင်းအထိထုတယ်လို့” သူကအခုလိုပြောပါတယ်။
အဆိုပါစစ်ကြောင်းက ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁) တပ်ရင်းကနေ သိန္ဓောရွာမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ရိက္ခာပို့ဖို့လာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက “အဲ့ဒီစစ်ကြောင်းကို ကျနော်တို့က ကြားဖြတ် တိုက်ခိုက်တာ။ တနင်္သာရီကနေ ညောင်ပင်ကွင်း (၅၆၁) ကိုဝင်တယ်။ ပြီးတော့ သိန္ဓောကို တက်တာ။ သိန္ဓောမှာက ခလရ ၁၀၁ က စစ်သားတွေနေတဲ့ စခန်းရှိတယ်။ အရင်ကတော့ တပ်ရင်း ၁၇ ပေါ့။ အဲ့ကိုသူတို့ ရိက္ခာလာပို့တာ” လို့ သူက အခုလို ပြောပြပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးမှုရှိတယ်လို့ ကနဦးသိရပေမယ့် အသေးစိတ်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ကျွဲထိန်းကုန်းရွာအနောက်ဘက်ရှိ မိကျောင်းအိုင်ချောင်းနားမှာ မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသအတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲအခြေအနေတွေကြောင့် တနင်္သာရီမြို့နယ်ရှိ ဘန်လောရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ သိမ်ခွန်းရွာ၊ အထက်ကွမ်းသီးတောရွာ၊ သဲဖြူရွာ၊ အမှတ်(၉)ရွာ၊ အမှတ်(၈)ရွာ စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
အခုလက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်စစ်ရေး အခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ဘန်လောရွာ၊ ၅ မိုင်ရွာနဲ့ ၆ မိုင်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)