ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသကို စစ်ကောင်စီတပ်က ဆန်၊ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ပိတ်လိုက်တာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီနေသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့လောက်ကတည်းက အရှေ့တောနယ်ကို ထားဝယ်မြို့အထွက်ရှိ ဗျောတောဝ စစ်ဆေးရေးဂိတ်က ဆန်နဲ့ ရိက္ခာသယ်ဆောင်လာတဲ့ ယာဉ်မောင်းတွေ၊ ခရီးသည်တွေကို ခြိမ်းခြောက်ပြောဆိုတာနဲ့ ဆန်အပါအဝင် စားသောက်ကုန်တွေကိုပါ သိမ်းဆည်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ အရှေ့တောနယ်ရှိ ဒေသခံက ပြောပါတယ်။
“ဆန်သယ်လာရင် ခြိမ်းခြောက်တယ်။ ပြီးတော့ ဆန်တွေကို သိမ်းတယ်။ ဘယ်လိုမှ တောင်းပန်လို့ မရဘူး။ ညှိလို့ကိုမရတာ။ အထုပ်တွေအကုန်လုံးကို စစ်တယ်။ ဝယ်လာတဲ့သူရော၊ သယ်လာပေးတဲ့ သူကိုပါ နောက်ထပ်သယ်ရင် ဖမ်းမယ်ဆိုလည်း ပြောလိုက်တယ်” လို့ အရှေ့တောနယ်ရှိ ဒေသခံက အခုလို ပြောပါတယ်။
အရှေ့တောနယ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးအထည်တွေ သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားတာ ကြာပြီးဆိုပေမယ့် အခုလက်ရှိမှာတော့ အခြေခံစားသောက်ကုန်တွေ အပြင် ငါးခြောက်၊ ခေါက်ဆွဲခြောက်တွေနဲ့ ငါးသေတ္တာဗူး စတဲ့ တခြားစားသောက်ကုန်တွေကိုပါ ပိုမိုတင်းကြပ်စစ်ဆေးလာတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ဆန်သယ်ယူခွင့်ကိုတော့ ပိတ်ထားတာ ကြာပြီးဆိုပေမယ့် အရင်က အခြေအနေကြည့်ပြီး သယ်လို့ ရသေးတယ်။ အရင်ကတော့ ဆန်ကို အဓိက ကန့်သတ်တာပေါ့လေ။ ပြီးတော့ အမြဲလိုလိုလည်း မစစ်ဘူး။ အခုဆို ကျနော်တို့ပါ ဆန်သယ်ယူရ တော်တော်ခက်တယ်။ ကျနော်တို့လည်း နိုင်သလောက် ကူပေးနေပေမယ့် မဖူလုံဘူးပေါ့” လို့ သူကပြောပါတယ်။
ထားဝယ်ကနေ အရှေ့တောဒေသအထိ ဗျောတောဝ စစ်ဆေးရေးဂိတ်၊ ၈ မိုင်စစ်ဆေးရေးဂိတ်၊ ပကာရီ စစ်ဆေးရေးဂိတ်၊ ကျောက်မဲတောင်စစ်ဆေးရေးဂိတ် စတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်တွေရှိတယ်လို့ သိရပါတယ်။
အရှေ့တောနယ်တစ်လျှောက် သွားလာနေတဲ့ ယာဉ်မောင်းတစ်ဦးက “ဗျောတောဝဂိတ်ရော ပကာရီဂိတ်မှာပါ စစ်သားအပြောင်းအလဲတွေလုပ်ထားတယ်။ ဗျောတောဝဂိတ်ကတော့ အဖွဲ့စုံဆိုပြီး ကျပ်ကျပ်တည်းတည်း စစ်ဆေးနေကြတာဘဲ” လို့ သူကအခုလိုပြောပြပါတယ်။
အခုလို ရိက္ခာသယ်ယူခွင့်တွေကို အရင်ကထက်ပိုတင်းကြပ်လိုက်တာကြောင့် ဗျောတောဝဂိတ် နောက်ပိုင်းက ရွာတွေအားလုံး ရိက္ခာဝယ်ယူဖို့ ခက်ခဲလာပြီး ဆန်ကြမ်းတစ်အိတ်ကို အခုလက်ရှိမှာ တစ်သိန်းကျော်ပေးဝယ်နေရတယ်လို့ ဒေသခံကပြောပါတယ်။
“အစက တောင်သုံးလုံး၊ ပကာရီဘက်တွေမှာ ဝယ်လို့ရသေးတယ်။ အခုလိုဖြစ်လာတော့ ဆန်ကြမ်း တစ်အိတ်ကို ထားဝယ်မှာ ၅ သောင်းကျော်ဆိုရင် အခုဒီမှာ ၁ သိန်းကျော်ပေးဝယ်ရတယ်။ ပိုက်ဆံ ၁ သိန်းကျော်မရှိရင် ဆန်ကြမ်းတစ်အိတ်တောင်မရတော့ဘူး” လို့ သူကဆက်ပြောပါတယ်။
မိုးတွင်းရာသီဖြစ်တာကြောင့် အရှေ့တောနယ်ဒေသအတွင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါဖြစ်တဲ့ သူတွေလည်း များလာတာကြောင့် ဆေးကုသရန် ဆေးဝါးအလုံအလောက်မရှိဘူးလို့ စစ်ရှောင်တွေကို ဆေးကုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက အရှေ့တောနယ်အပြင် စစ်အုပ်ချုပ်ရေး ဒေသတွေဖြစ်တဲ့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကိုပါ ဆန်၊ ဓာတ်ဆီ၊ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်တွေ ပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ ရိက္ခာပြတ်လပ်မှုကို အမြဲကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)