သြဂုတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ရှိ ရပ်ကွက် ၂ ခုက နေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်မှ ပြောင်းရွှေ့ဖို့သတိပေးပြောကြားပြီးနောက် နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ကမမောင်းမြို့ရဲ့ ဒေသခံတွေထံမှ သိရပါတယ်။
ကမမောင်းမြို့က အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နေအိမ် ၁၃ လုံးကို မြေပိုင်ရှင်မဟုတ်ဘူးဆိုကာ စစ်ကောင်စီတပ်လက်အောက်ခံ BGF အမှတ် (၁၀၁၄)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မောင်ချစ်နဲ့ မြိုင်ကြီးငူ စာချဆရာတော်တို့မှ ဇူလိုင်လ အစပိုင်းမှာ စာထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မှာ နေအိမ် ၁ လုံး၊ သြဂုတ်လ ၆ ရက်နေ့လောက်မှာ နေအိမ် ၁ လုံး နဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ နေအိမ် ၁ လုံး စုစုပေါင်း နေအိမ် ၃ လုံးကို ဗိုလ်မောင်ချစ်မှ ဦးဆောင်ကာ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲ့ဒီလူတွေနေနေတာ နှစ်၂၃ နှစ်နီးပါးရှိပြီး အခုမှသူက စာချဆရာတော်နဲ့ဗိုလ်မောင်ချစ် စာထုတ်ပြန် ပြီးတော့ အဲ့ဒီအိမ်ခြံကွက်တွေက လက်ရှိနေနေတဲ့သူတွေမဟုတ်ဘူး တခြားသူတွေဆိုပြီးတော့ အဲ့ဒီ ၁၃ ကွက်ကိုပြန်သိမ်းတယ် အခုကျတော့ အိမ်ရှင်တွေကို စစ်ကားနဲ့လာပြီး ပြောရင် ၃ ရက်အတွင်း ဖယ်ထားပေး မဖယ်ထားရင် ရောက်လာရင် အိမ်ရှင်တွေကို ချက်ချင်းခေါ်ချ ပစ္စည်းတွေဘာတွေသယ်ခွင့်မပေးတော့ဘူး ချက်ချင်းသူ့ပါသူ ဖျက်ပြီးရင် သစ်ကော ပစ္စည်းတွေကော အကုန်သူ့ကားနဲ့တင်ပြီး ယူသွားလိုက်တယ် သူတို့စစ်သား ၁၀ ယောက်လာတယ် အိမ်ဖျက်တဲ့လူပါ တစ်ခါထဲခေါ်ပြီး ဖျက်ချတယ်” လို့ သူကပြောပါတယ်။
ယခုလက်ရှိနေထိုင်နေသူ နေအိမ် ၁၃ လုံးပိုင်ရှင်တွေမှာလည်း အစိုးရမြေစာရင်းရုံးမှ ခြံအမည်ပေါက် ထွက်ပြီးသားဖြစ်သလို အခုလိုစာထုတ်ပြန်တာဟာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်မှ ဗိုလ်မောင်ချစ်ကို အရင်မြေပိုင်ရှင်ဆိုသူတွေက လာရောက်တိုင်တန်းတာကြောင့်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“အခု ၁၃ အိမ်နေရာကလည်း အရင်ကနေခိုင်းတာမနေပဲ မြို့ပေါ်မှာအိမ်ဝယ်ပြီးနေကြတယ် အဲ့ဒီလူတွေကအခု ဆရာတော်နဲ့ BGF နဲ့ကို ဦးလေးထူးက ရောင်းတယ်ဆိုပြီးတိုင်တယ် ဦးလေးထူးကို ပြောတော့ အရင်ကတည်းက ၃ လ၊ ၆ လစာထုတ်ပြီး အိမ်လာမဆောက်ကြတာ နှစ်နဲ့ချီကြာပြီးမှ အဲ့ဒီလူတွေက အိမ်မဆောက်တော့ အဲ့ဒီထဲကပြောင်းလာတဲ့သူတွေကပဲ ဦးလေးထူးဆီသွားတော့ သခွက်ဖိုးရွာသားမှန်ရင် မြေကွက်ပေးလိုက်တာပေါ့ စာရွက်အထောက်အထားတွေနဲ့ သခွက်ဖိုး ရွာသားတွေပဲဆိုပြီးပေးနေလိုက်တာ၊ သူတို့က အခုမြေဈေးတက်မှ လာကြတာ” လို့ သူကပြောပါတယ်။
သြဂုတ်လ ၂၉ ရက်နေ့လောက်ကလည်း မပြောင်းရွှေ့ရသေးတဲ့ နေအိမ်တွေထဲက ၃ လုံးကို စက်တင်ဘာလ ၃ ရက်နေ့အပြီး ပြောင်းရွှေ့ပေးဖို့ကို လာရောက်ပြောဆိုသွားတယ်လို့သိရပါတယ်။
ဒါ့အပြင် နေအိမ်ဖျက်ဆီးခံရတဲ့ အိမ်ပိုင်ရှင်တချို့ကိုလည်း ညှိနှိုင်းမယ်ဆိုကာ တပ်တွင်း ခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်တာတွေကို ပြုလုပ်ခဲ့တာကြောင့် သက်ဆိုင်ရာလူကြီးတချို့ရဲ့ အာမခံချက်နဲ့ ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်က နေအိမ် ၁၃ လုံးပိုင်ရှင်မှာ ၂၀၀၁ ခုနှစ်ကတည်းက ပြောင်းရွှေ့ သခွက်ဖိုးရွာကနေ ကမမောင်းမြို့မှာ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က တပ်ရင်းမှူးဗိုလ်မောင်ချစ်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တုန်းကလည်း အဲ့ဒီအိမ်ခြံ ၁၃ လုံးကို ဖယ်ဖျက်ဖို့တိုင်တန်းခဲ့ပေမဲ့ သူ့ရဲ့တိုင်တန်းချက်မှာ ဖယ်ချခြင်းခံရတာကြောင့် အခုစစ်ကောင်စီလက်ထက်မှာ ပြန်လည်လုပ်ဆောင်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)