သြဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမမှာ တစ်ရက်ကို ကားအစီးရေ ၃၀ နီးပါးသာ သွားခွင့်ပြုတာကြောင့် ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်နားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့လောက်က မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လမ်းပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန် မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ ပြိုကျပျက်စီးသွားတဲ့ လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ပြီး တာကြောင့် လမ်းကိုအသုံးပြုလို့ရနေပြီးဖြစ်သော်လည်း တစ်နေ့ကို ကားအစီးရေ ၃၀ နီးပါးသာ သွားခွင့်ပြုထားတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
“အဆင်းကားတွေကို သိပ်ပြီးပေးမဆင်းဘူး၊ တစ်နေ့ကို ၂၀ စီးတို့၊ ၃၀ တို့လောက်ဘဲ အတက်အဆင်းပေးလုပ်တာ၊ လမ်းစကောင်းတဲ့နေ့က စလုပ်တယ်” လို့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
တောနော်ရေတံခွန်နားအနီးမှာ လမ်းပြိုကျပြီးနောက် ပြုပြင်ထားတဲ့လမ်းပိုင်းမှာ ဘေလီတံတားထိုးထားတာဖြစ်ပြီး တံတားကျဥ်းမြောင်းတာကြောင့် အခုလို လမ်းပိတ်ဆို့တာတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
“လမ်းကတော့ သွားလာလို့ရနေပါပြီး၊ တံတားကကျဥ်းတော့ တစ်ခေါက်စီသွားရတာ၊ အဲ့ဒါကြောင့် ကားလမ်းတွေပိတ်နေတာ၊ ကော့ကရိတ်အထွက်ကနေ တောင်ပေါ်အထိ၊ အခုလက်ရှိ ပိတ်နေတယ်” လို့ သူကပြောပါတယ်။
အခုလို ကားလမ်းပိတ်ဆို့နေတာတွေအပြင် မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတာကြောင့် ယာဥ်မောင်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
အခုလို မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ယာဥ်ကြောပိတ်ဆို့တာတွေ၊ ငွေကြေးအဆမတန် ကောက်ခံတာတွေကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုပြီးသွားလာနေရတဲ့ ယာဥ်တွေက ကုန်ပစ္စည်းတွေဟာ စျေးကွက်ထဲမှာ စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံသတင်း အရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)