ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီကနေ ၃ နာရီလောက်ထိ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းကနေ ပုလောမြို့နယ်၊ လက္ကူးရွာနဲ့ မှော်ကြောင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ပုလောမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“လက္ကူးနဲ့ မှော်ကြောင်းဘက်ကို ပစ်တာ။ လက်နက်ကြီးထုတာက ၅ လုံး။ ၃ လုံးကွဲတာ။ သူတို့က ထုချင်တဲ့အချိန် ထုတယ်။ ပုံမှန်မရှိဘူး” လို့ သူက အခုလိုပြောပါတယ်။
အဆိုပါလက်နက်ကြီး ပစ်ခတ်မှုကြောင့် လက္ကူးရွာရှိ အသက် ၇၂ နှစ်အရွယ် ဒေါ်သန်းကြည်ဆိုသူ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပုလောမြို့နယ် မှော်ကြောင်းရွာရှိ နေအိမ်တစ်လုံးနဲ့ လက္ကူးရွာရှိ နေအိမ် ၂ လုံးလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံကို အခုလိုပြောပါတယ်။
“အဘွားအိုက လည်ပင်းကို ကျည်စမှန်ပြီး ဆုံးသွားတာ။ ရွာသား ၂ ယောက်လည်း ဒဏ်ရာရတာ သူကတော့ အခုချိန်အထိ ဆေးကုသမှုခံယူနေရတယ်။ လက်နက်ကြီးက ၃ လုံးကျတော့ လက္ကူးက အိမ် ၂ ဆောင်နဲ့ မှော်ကြောင်းက ၁ ဆောင်ထိတယ်” လို့ သူကဆက်ပြောပါတယ်။
ပုလောမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ ၂၈၅ တပ်ရင်းတွေက လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခဲ့တာ ကြောင့် ပုလောမြို့နယ်ရှိ ရွာတွေက ဒေသခံ ၂၀၀၀ ကျော် တောတောင်တွေနဲ့ နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေလည်းဖြစ်နေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
“သူတို့က ၂ ရက်ထုတဲ့ လက်နက်ကြီးက အလုံး ၅၀ လောက်ရှိတယ်။ ဘယ်အချိန်ဆိုမဟုတ်ဘူး။ သူတို့စိတ်ပါတဲ့အချိန် ထထုကြတာ။ ရွာသားတွေက မတ်လလောက်ကတည်းက စစ်ရှောင်သွားကြတာ။ ပြန်ဝင်လာနေတဲ့သူတွေလည်းရှိသလို့ လုံးဝကို ပြန်မလာတဲ့သူတွေလည်းရှိတယ်” လို့ သူကအခုလို ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ ပုလောမြို့နယ်အတွင်း ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား စစ်ရေးအခြေအနေ ငြိမ်သက်နေပေမယ့် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို နေ့တိုင်းနီးပါး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
“ဒီနေ့မနက်မိုးလင်းတာနဲ့ လက်နက်ကြီးထုနေတာ။ တိုက်ပွဲတွေက ငြိမ်နေပေမယ့် သူတို့ဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တာ” လို့ သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်က ပုလောမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လလောက်ကတည်းက ဆန်၊ ဓာတ်ဆီစတဲ့ အခြေခံစားသောက်ကုန် သယ်ယူခွင့်တွေကို ပိတ်ဆိုထားပြီး အရှေ့တောနယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာလည်း ဆန်သယ်ယူခွင့် ပိတ်ပင်ထားတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် စစ်အုပ်ချုပ်ရေး ဒေသတွေဖြစ်တဲ့ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူ ၃၀ ကျော်ထက်မနည်း ထိခိုက်သေဆုံးတာတွေရှိပြီး မီးရှို့တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ၁၀၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)