သြဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က ဂိတ်ထိုးပြီး ငွေကြေးအဆမတန်ကောက်ခံတာတွေကိုပြုလုပ်နေတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမှာရှိတဲ့ တောနော်ရေတံခွန်နားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းပြိုခဲ့တာကြောင့် အာရှလမ်းကို ပိတ်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ပြိုပျက်သွားတဲ့လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ပြီးတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်နေပြီး စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က ဂိတ်ထိုးကာ ငွေကြေးအဆမတန်ကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
“အာရှလမ်းဆိုရင်တော့ BGF ပေါ့၊ BGF တွေဘဲများတယ်၊ စစ်တပ်ကတော့ မုဒ်ဦးနားလေး တစ်ကြောတော့ စစ်တပ်ကရှိတယ်၊ ကျန်တဲ့နေရာတွေကတော့ BGF တွေဘဲတောင်းနေတာဘဲ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
အရင်ကလည်း အခုလိုပိုက်ဆံကောက်ခံတာတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက် BGF ဂိတ် ၁၀ ခုကျော်ရှိပြီး လမ်းပိုင်းကို တာဝန်ယူထားတဲ့ အေးဂျင့်မှာ စာရွက်စာတန်းလုပ်ပြီးသွားရင်တောင် အသွားအပြန် လေးသိန်းနီးပါးကုန်တယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“ဟိုးအရင် ၂၀၂၁၊ ၂၀၂၂ လောက်တုန်းကထက်တောင် ပိုဆိုးနေတယ်၊ အခုဆိုရင် အသွားအပြန်ဆိုရင် လေးသိန်းလောက်တော့ကုန်တယ်၊ ဒီအတိုင်း ကိုယ်ကိုတိုင် ရှင်းလို့မရဘူး၊ ပိုက်ဆံပေးလို့မရဘူး၊ အေးဂျင့်နဲ့ရှင်းရတာ၊ ဒီကောင်တွေ ပိုက်ဆံတောင်းတာ ပတ်ပတ်စက်စက် ကြမ်းတယ်” လို့ သူကပြောပါတယ်။
အခုလို အေးဂျင့်နဲ့မသွားဘဲ အလွတ်သွားပါက ကားတစ်စီးကို တစ်သိန်းခွဲလောက်ကနေ နှစ်သိန်းခွဲလောက်အထိ ကုန်ကျတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
“အေးဂျင့်နဲ့မသွားဘူးဆိုရင်တော့၊ မမှန်တော့မမှန်ဘူး၊ တစ်ခါတစ်လေလဲ ၂ သိန်းလောက်ကုန်တယ်၊ ၂ သိန်းခွဲလောက်ကုန်တယ်၊ မသွားဘူးတဲ့ကားတွေသွားရင်၊ ကော့ကရိတ်အာရှလမ်းကနေ တောင်ပေါ်တက်ပြီးတော့ ကုန်သည်လယ်ယာ မဲကနယ်တံတားအထွက်ထိဆိုရင် ၂ သိန်းခွဲလောက်အထိ ကုန်တယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမအပြင် မြဝတီ-ကော့ကရိတ် ဒေါနတောင် လမ်းဟောင်းနဲ့ ထို့ကော်ကိုးလမ်းကြောင်းတွေမှာပါ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေက ငွေကြေးအဆမတန်ကောက်ခံနေတာကြောင့် အခုလမ်းပိုင်းကို အသုံးပြုပြီးသွားလာနေရတဲ့ယာဥ်တွေက ကုန်ပစ္စည်းတွေမှာ စျေးကွက်အတွင်း စျေးနှုန်းသုံးဆလောက် မြင့်တက်နေတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)