ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခနှစ်
ထားဝယ်အကျဉ်းထောင်ထဲက ဆေးမှူးကြီးအပါအဝင် အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦးကို အပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲတဲ့ ဩဂုတ်လ ၂၁ ရက်နေ့က ဆေးမှူးကြီး ဦးဝင်းဇော်ကို ထောင်ထဲမှာ ဈေးရောင်းတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၁ လ ချမှတ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက အခုလိုပြောပါတယ်။
“သူ့ကိုခေါ်စစ်ပြီး ၁ ရက်၊ ၂ ရက်အတွင်း ခရိုင်တရားရုံးကနေ ၁၁ လချလိုက်တာ။ သူက ထောင်ထဲမှာ လိုအပ်တဲ့ ပစ္စည်းတွေ၊ မုန့်တွေ ရောင်းတာ။ ဘာပုဒ်မလည်းဆိုတာတော့ သေချာမသိရဘူး” လို့ သူကဆိုပါတယ်။
ဆေးမှူး ဦးဝင်းဇော်အပြင် အကျဉ်းထောင်ဝန်ထမ်း ၁၀ ဦးဝန်းကျင်လောက်ကိုလည်း ခရိုင်တရားရုံးက ထောင်ဒဏ် ၆ လ ကနေ ၁ နှစ်ခွဲအထိ ပုဒ်မအသီးသီးနဲ့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဆေးမှူးအပါအဝင် အဆိုပါဝန်ထမ်းတွေကို တရားစွဲဆိုခံထားရတဲ့ ပုဒ်မ အရေအတွက်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အသေးစိတ်မသိရှိရသေးပါဘူး။
အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက “ကျန်တဲ့ သူတွေကိုလည်း ၆ လကနေ ၁ နှစ်ခွဲအထိ ချကြတယ်။ သူတို့ကို စွဲထားတဲ့ပုဒ်မတွေက သိရဖို့ခက်တယ်။ အခုအထဲမှာက အရမ်းတင်းကြပ်တော့ သေချာမသိရတော့ဘူး” လို့ သူကပြောပါတယ်။
အခုလက်ရှိ ဖမ်းဆီးထောင်ချခံလိုက်ရတဲ့ ထောင်ဝန်ထမ်းတွေက ထောင်ဝင်စာလက်ခံတဲ့နေရာက ဝန်ထမ်းတွေနဲ့ ထောင်အတွင်း စစ်ဆေးရေးတာဝန်ယူထားတဲ့သူတွေ ပါဝင်တယ်လို့ ထားဝယ်အကျဉ်းထောင်ဝင်းအတွင်း နေထိုင်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲတဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ထားဝယ်အကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကိုပါ ဝင်ရောက်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေ တွေ့ရှိခဲ့တာကြောင့် တရားစွဲဆိုတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ထောင်အိပ်ဆောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကိုလည်း ပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး WY ဆေးပြား၊ ICE နဲ့ ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရရှိတယ်ဆိုတဲ့ အကျဉ်သား ၆ ဦးကိုလည်း နှစ်အကန့်အသတ်မရှိ တရားစွဲဆိုလို့ရတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်တယ်လို့ ထောင်းတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အခုလက်ရှိ ထားဝယ်အကျဉ်းထောင်ထဲမှာ အခြေအနေတင်းကြပ်နေပြီး အကျဉ်းသားအချို့ကိုလည်း ထောင်ဝင်စာပို့ခွင့်ပိတ်ပင်တာနဲ့ တိုက်ပိတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ထောင်ဝင်စာပို့နေတဲ့ သူတစ်ဦးက ပြောပါတယ်။
“သူတို့ အခုအရမ်းထိန်းချုပ်ထားတာ။ ပစ္စည်းသွားပို့တာတောင် အရမ်းစစ်တယ်။ အရမ်းတင်းကြပ်နေတော့ တစ်ခုခုဆို သိရဖို့ ခက်ခဲတယ်” လို့ သူကအခုလိုပြောပါတယ်။
အခုလက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းအများအပြား ထောင်ချခံရတာနဲ့ စစ်ဆေးခံနေရတာကြောင့် ဝန်ထမ်းအဟောင်း အနည်းစုလောက်ဘဲ ကျန်ရှိပြီး ထောင်ဝန်ထမ်း အသစ်တွေ ရောက်ရှိနေတယ်လို့ ထားဝယ်ထောင်ဝင်းအတွင်း နေထိုင်သူကဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ထောင်ဝင်းထဲရှိ ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့နေအိမ်ကို စစ်တပ်က ဝင်ရောက်စစ်ဆေးချိန် မူးယစ်ဆေးဝါးတွေနဲ့ ဖုန်းတွေသိမ်းဆည်းရမိပြီး ထောင်မှူးဟောင်း ဦအောင်ဖေ၊ ဒုထောင်မှူး ဦးသူရိန်ထွန်း အပါအဝင် ဝန်ထမ်းအယောက် ၂၀ ကို ထားဝယ်အကျဉ်းထောင်ထဲမှာ စစ်ကောင်စီတပ်သားတွေက အခုလက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးနေပြီး အမိန့်ချတာနဲ့ တရားစွဲဆိုတာတွေကို မလုပ်ဆောင်သေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖုန်းလက်ဝယ်တွေ့ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်တွင်းအပြစ်ဒဏ်ချမှတ်ခံရတဲ့ သူတွေထဲမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဇေလင်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးနဲ့ထောင်ကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ ကျော်ရှိတယ်လို DPPN ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)