သြဂုတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့အနီးက ကော့နွဲ့၊ ကမိုင်ကုန်းနဲ့ အာရှလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇) တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညနေ ၄ နာရီလောက်ကလည်း ကော့နွဲကျေးရွာနားမှာ စစ်ကောင်စီတပ် တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး ဒေသခံ ၅ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“ကော့နွဲ၊ ကမိုင်ကုန်းနားမှာက တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာဘဲ၊ လှိုင်ဝနဲ့ ၉၇ ကလည်း လက်နက်ကြီးနဲ့ပစ်နေတာဘဲ၊ မနေ့က ညနေ ၅ နာရီကျော်ကျော်လောက်မှာ ရွာထဲကျသွားတာ၊ ဦးလေးကြီးတစ်ယောက်ကသေတယ်၊ ၅ ဦးလောက်ထိတယ်၊ ကျန်တာအိမ်တွေတော့ ထိခိုက်တာတွေမရှိဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေက နေရာယူထားကာ အဆင်သင့်ပြင်ထားတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
“လက်နက်ကြီးကတော့ ပစ်တာဘဲ၊ ကျွန်တော်တို့ ဒီနေရာယူထားတဲ့ ကမိုင်ကုန်း၊ ကော့နွဲ့၊ အများဆုံးဖြစ်တဲ့နေရာကလည်း ထုံးစံအတိုင်း ဒီကမိုင်ကုန်း ကော့နွဲ နားမှာအများဆုံးဖြစ်နေပါတယ်” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမိုင်ကုန်းရေကူးကန်နားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သြဂုတ်လလ တစ်လအတွင်း ဒေသခံ ၂ ဦးသေဆုံးကာ ဒေသခံ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)