သြဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီး အစစ်ဆေးပြုလုပ်နေတဲ့လို့ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၁) ကသတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာလည်း ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ့က စစ်ဆေးရေးတွေ ပြုလုပ်နေတာမှာ စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ ကျားဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ စစ်ဆေးရေးပြုလုပ်နေတာ ၂ လ ကျော်ကြာပြီးဗျ၊ အခုရက်ပိုင်းလောက်တော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်ဗျ၊ လွန်ခဲ့တဲ့ ရက်လောက်ကစတာ၊ ၃ ရက်လောက်ဘဲရှိသေးတယ်၊ ထိခိုက်မှုမရှိပါဘူး၊ တိုက်ပွဲထိတွေ့တာလည်း မရှိသေးပါဘူး၊ မိုးရွာနေတာလေးတစ်ခုဘဲရှိပါတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်လမ်းပိုင်း လိမ္မော်ခြံကျေးရွာအနီး မနက် ၅ နာရီလောက်မှာ သွားလာနေတဲ့ ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံခဲ့ရပြီး ခရီးသည် နှစ်ဦး ထိခိုက်ခဲ့တယ်လို့ ရေးမြို့ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီဘက်ကတော့ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဒီလမ်းပိုင်းကို မသွားဖို့ အမိန့်ထုတ်ထားတယ်၊ ပစ်ခံထိတာက မနက် ၅ နာရီလောက်မှာ ပစ်ခံရတာ၊ ဘယ်ဘက်က ပစ်လဲတော့မသိဘူး၊ ၂ ယောက်ထိတယ်၊ ထိတဲ့လူတွေကိုတော့ ရေးမြို့ဆေးခန်းမှာ ဆေးကု ပေးထားတယ်” လို့ ရေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ကားမှာ ခရီးသည် ၃၃ ဦးတင်ဆောင်လာတဲ့ ရွှေပုလဲခရီးသည်တင်မှန်လုံယာဥ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ ဦးတင်ထွေးနဲ့ မဝါဝါဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးပြုလုပ်တာဟာ ရေး-သံဖြူဇရပ် လမ်းပိုင်းသာ မဟုတ်ဘဲ မော်လမြိုင်-ရေး-ထားဝယ်အမှတ်(၈) လမ်းမကြီး၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် လမ်းပိုင်း တစ်ချို့နဲ့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေမှာပါ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)