သြဂုတ်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် နှစ်ဖက်စစ်ရေးအခြေနေတင်းမားနေတဲ့အပေါ် စိုးရိမ်မှုတွေရှိလာတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်လောက်မှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူ ကိုဝင်းထိန် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ဘုရားသုံးဆူမြို့ ညဘက်ပိုင်းအချိန်တွေမှာ သေနတ်ပစ်ဖောက်သံတွေကြားနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“သူကအဖွဲ့အစည်းကပဲ ပစ်ခံထိတယ်တဲ့ ၈ ချက်တဲ့ ချက်ပွိုင့်ဂိတ်က စစ်တပ်ရဲ့တပည့်လေ (သတင်းပေး) ပစ်ခံထိတယ်လေ သေသွားတယ် အခြေနေမကောင်းဘူးလို့ကြားတော့ကြားတယ် သူများတွေ ပြောနေကြတာ ညတုန်းကလည်းသေနတ်သံကြားသေးတယ်” လို့ သူကပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရသူ ကိုဝင်းထိန်ဆိုသူမှာ မသေဆုံးခင်ထိကို စစ်ကောင်စီတပ်ဖွဲ့ကိုသတင်းပေးတာ BGF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေကိုပြုလုပ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“သူမသေခင်တုန်းကလည်း informer လိုက်လုပ်နေတုန်းပဲ စကစလက်အောက်မှာပဲ အလုပ်လုပ်ပေးနေတုန်းပဲ မြို့ထဲမှာဆိုရင် မြောက်ကြွမြောက်ကြွ နာမည်ကြီးတဲ့လူပေါ့ သူမသေခင်တစ်ရက်ကလည်း ဆိုင်ကယ်လိုင်းသမားကဒ်တွေစစ်တယ် ဆိုင်ကယ်ပြောင်းတွေစစ်တယ် အဲ့ဒီနေရာမှာသူ့ကိုတွေ့တယ် BGF တွဲပြီး”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာလည်း အသွားအလာပြုလုပ်တာတွေမရှိတော့သလို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြင်းပြင်းထန်ထန်သွားရောက် တိုက်ခိုက်တာမျိုးတွေမရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“အပြင်တောင် မထွက်ရဲကြပါဘူး စစ်ရေးက ဘယ်လိုပြောရမလဲ သူတို့ကိုက အပြင်ကို မထွက်ရဲကြတာ ဒီဘက်ကလည်း ပြင်းပြင်းထန်ထန်သွားလုပ်တာမျိုးလဲ မကြားမိသေးပါဘူး”လို့ သူကပြောပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ်မှာရှိတဲ့ မူဂျာထိပ်စခန်းကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာရှိတဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံ ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ နေ့က ဘုရားသုံးဆူမြို့ရှိ ရဲ့စခန်းအနီး စစ်ကောင်စီတပ်၊ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ဖွဲ့နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေမှာ အပြင်ထွက် သွားလာတာမျိုးမရှိတော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး ဖာပွန်နဲ့ သံတောင်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်အမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)