ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၈၀ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေ မနေ့ညနေပိုင်းလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းဟာ သဲချောင်းကြီးရွာဘက်ကနေ ရငဲကျေးရွာဘက်ကို ပြန်လည်စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ကမြိုင်ကျေးရွာနဲ့ ရငဲရွာကြားမှာ ကြားဖြတ်မိုင်းဆွဲ၊ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်တပ်နဲ့ နီးစပ်တဲ့ မျိုးသားတစ်ဦးက ဆိုပါတယ်။
“ရငဲနဲ့ကမြိုင်ကြားထဲမှာဖြစ်တာ။ သူတို့က သဲချောင်းကြီးကို စစ်ကြောင်းထိုးပြီး ရငဲဘက်ကို ပြန်လာတဲ့ စစ်ကြောင်း။ ပထမ မိုင်းဆွဲပြီးမှ သေနတ်နဲ့ပစ်တာ။ သူတို့က ရငဲကိုလာတာ သုံးကြောင်းခွဲလာတယ်။ တောထဲက နှစ်ကြောင်း။ ကားလမ်းပေါ်မှာကတစ်ကြောင်း” လို့ သူကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက ဩဂုတ်လ ၂၁ ရက်နေ့က သဲချောင်းကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဩဂုတ်လ ၂၄ ရက်နေ့၊ နေ့လည်ပိုင်းလောက်မှာ ဝင်းဝရွာဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ကြာခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကမြိုင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ်တာက အများကြီးဗျ။ လက်နက်ကြီး၊ ငယ် စုံနေတာဘဲ။ အတွဲလိုက်ချည်းချတာ။ စစ်တပ်ဘက် ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တာလေ။ ကျနော်တို့နဲ့ကနီးတော့ အိမ်ပါတုန်တယ်” လို့ သူကအခုလို ဆက်ပြောပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ သိရပေမယ့် နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
သရက်ချောင်းမြို့နယ်က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ထားဝယ်အခြေစိုက် ခမရ ၄၀၂ တပ်ရင်းနဲ့ သရက်ချောင်းအခြေစိုက် ခမရ ၄၀၄ တပ်တွေကဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က ဩဂုတ်လ ၂၄ ရက်နေ့၊ ည ၈ နာရီလောက်မှာ ရငဲရွာရှိ မြွေတောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်သားတွေက လက်ရှိ ရငဲကျေးရွာနဲ့ မြွေတောင်ပေါ်မှာရှိနေတယ်လို့ ရငဲရွာဒေသခံတွေက ဆိုပါတယ်။
“ညကလည်း တောင်ပေါ်ကနေ ၂ လုံးထုလိုက်သေးတယ်။ သူတို့က တောင့်မခံနိုင်ဘူးလေ။ အခုတောင်ပေါ်မှာလည်း ဆက်နေမှာလား၊ မနေဘူးလားတော့မသိဘူး။ ရွာထဲမှာလည်း ပတ်သွားနေတယ်” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရငဲရွာရှိ မြွေတောင်ပေါ်မှာ မေလလောက်ကတည်းက တပ်စွဲနေထိုင်နေတာ ဖြစ်ပြီး ရွာထဲရှိနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖောက်ထွင်းတာနဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးတဲ့အပြင် သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဇွန်လ ၁၁ ရက်နေ့မှာ အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်း သေဆုံးခဲ့ပြီး တစ်ဦးမှာ ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းပြန်လည်ဝင်ရောက်လာတာကြောင့် ကမြိုင်ရွာက တစ်ရွာလုံးကျွတ် ဒေသခံရာနဲ့ချီး နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး ရငဲရွာမှာတော့ စစ်ကောင်စီတပ်တွေက ရွာသားတွေကိုဖမ်းဆီးတာနဲ့ ပစ်ခတ်မှုတွေပြုလုပ်တာကြောင့် ဇွန်လ ၈ ရက်နေ့ကနေ အခုလက်ရှိ အချိန်ထိ နီးစပ်ရာတောတောင်တွေထဲမှာ ရှောင်တိမ်းနေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေနဲ့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)