သြဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်ဘက်မှ ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းကအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁နာရီ ၂၇ မိနစ်နဲ့ ၂ နာရီ၃၀ မိနစ်အချိန်မှာ သဲသောမူသဲသောခွား ရွာအနီးက ဆေးရုံကို ဂျက်တိုက်လေယာဥ်နဲ့ ၃ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၈ နှစ်အရွယ် စောဘာဘယ်စယ်ဖိုးမှာ ဗုံးစထိမှန်သေဆုံးခဲ့ကာ KNLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ KNLA သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
“တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ် အဆောက်အဦးတွေတော့ ပျက်စီးတာပေါ့လေယာဉ် ၃ စီးနဲ့ သုံးကြိမ်ပစ်ခတ်တာ ၁ နာရီ ၂၇ တစ်ကြိမ် ၂ နာရီခွဲမှာ ၂ ကြိမ် တောတွင်းက ဆေးရုံကိုလာပစ်တာ တိုက်ပွဲဖြစ်တာမရှိဘူး စစ်ပြေးဒုက္ခသည်တွေနေတဲ့ တောတွင်းဆေးခန်းလာပစ်တာ ကိုယ်ဝန်သည် အမျိုးသမီးကို လာစောင့်တဲ့ သူယောင်္ကျားသေတာ”လို့ သူကပြောပါတယ်။
ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးကလည်း “တော်တော်ပျက်စီးသွားတယ်တဲ့ ပြည်သူလဲ ထိတယ် သိတာတော့ပြည်သူတစ်ယောက်သေ PDF တွေလည်းဒဏ်ရာရတယ်ပြောတယ် အရေးပေါ် ဆေးရုံပေါ်ကြဲချတာ” လို့ သူကပြောပါတယ်။
ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“တိုက်ပွဲဖြစ်တာဘာညာလည်းမကြားမိဘူး တိုက်ပွဲလည်းမဖြစ်ဘူး ဒီတိုင်းကြဲသွားတာလို့သိရတယ်” လို့ သူကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံးအတွင်းဆေးကုသမှုခံယူနေသူတွေ၊ ဆေးရုံအတွင်းအလုပ်လုပ်ကိုင်သူ ၁၀၀ ဝန်းကျင်လောက်ဟာ နေရာပြန့်ကြဲ ကာဘေးလွတ်ရာတောတွေထဲကို တိမ်းရှောင်နေရတယ်လို့ KNLA သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ချိုအင်းကျေးရွာ၊ ပန်းတင်ကုန်းကျေးရွာ၊ တောက်တန်းကျေးရွာနဲ့ သက်ကယ်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်ရဲ့ ခမရ-၂၀ ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေ ကိုလည်း ကျေးရွာတွေဖြစ်ကိုလည်း ခမရ – ၂၆၄ တပ်ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါ ပစ်ခတ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် သြဂုတ်လ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ညောင်လေးပင်ခရိုင်အတွင်း ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်းအမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Karen National Union
Phar Si Than (People’s Radio Myanmar)